ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ
မြို့မဈေးနှင့် ရပ်ကွက်အလိုက် သတ်မှတ်ထားသည့် ယာယီဈေးများတွင် ဈေး ရောင်းချသူများ၊
ဈေးဝယ်သူများဖြင့် လူစုလူဝေးများ ဖြစ်ပေါ်နေလျက်ရှိပြီး COVID-19 ကပ်ရောဂါ ကူးစက်မှုကို ဖိတ် ခေါ်သကဲ့သို့ ဖြစ်ပေါ်နေသဖြင့် ဒေသခံများမှ
ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။
.
.
“တောင်ကြီးမြို့အတွက် ရင်လေးမိပါတယ်။ တစ်ယောက်ဖြစ်တာနဲ့
အကုန်ဒုက္ခရောက်မှာပါ။ မြို့မဈေးအနောက်ဘက် နာရီစင်နားမှာ မနက် ၄ နာရီဆိုရင် ဈေးသည်တွေ၊
ဈေးဝယ်တွေ အပြည့်ပါပဲ။ တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးစေလို ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်လို့
မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို
ပြောဆိုခဲ့သည်။
ထို့အတူ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ
ဒေသခံတစ်ဦးကလည်း “မနက် ၁၀ နာရီအထိ လို့သာ ပြောပါတယ်။ နေ့ခင်း ၁၂ နာရီ၊ ၁ နာရီအထိ တချို့တွေ
ရောင်းနေကြတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ နေရာတင် မကဘူး။ ရောင်းဖို့ သတ်မှတ်မထားတဲ့ နေရာတွေမှာလည်း
ရောင်းနေကြတာ တွေ့ရပါတယ်။ အားလုံးအတွက် အရေး ကြီးတာဖြစ်လို့ သက်ဆိုင်ရာ ဌာနတွေအနေနဲ့
စိစစ်ကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သာည်။
.
“စည်ပင်က စနစ်တကျ ဈေးရောင်းလို့ရအောင် လုပ်ပေးမယ်ဆိုရင်
ဈေးပိတ်စရာ မလိုပါဘူး။ ဈေးသည်တွေကို Mask တပ်ခိုင်းတာမျိုး၊
တိုးကြိတ်မနေအောင် စီစဉ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အရင် ရောင်းနေကြ နေရာမှာပဲ
စီစဉ် ပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အဲဒီလိုမှ မလိုက်နာရင် အရေးယူတာ မျိုးကို သက်ဆိုင်ရာ
ဌာနက လုပ်ရမှာပါ။ ကျန်းမာရေးအနေနဲ့ကတော့ အကြံပဲ ပေးလို့ရတာပါ။ နေရာသတ်မှတ်တာ တွေ၊ ဈေးသည်တွေကို
နေရာချတာတွေ ကတော့ စည်ပင်က လုပ်ရမှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ ရေးနှင့်
ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးအေးကိုအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် တယ်လီဖုန်းလက်ခံဖြေကြားခြင်း
မရှိခဲ့ချေ။
.
တောင်ကြီးမြို့ပေါ်တွင် COVID-19
ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး
မဖြစ်ပေါ်စေရန် အဝေရာမီးပုံးပျံကွင်းမုခ်ဦးဘေးရှိ ကျောက်တစ်လုံးကြီးလမ်း အပါအဝင်
နေရာ ၉ ခုတွင် ကုန်စိမ်းနှင့် သားငါး ရောင်းချနိုင်ရန်အတွက် ယာယီ ဈေးရောင်းချရန်
နေရာ ၉ ခု သတ်မှတ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
.