အဝေရာမီးပုံးပျံကွင်းဘေး လမ်းမ အပါအဝင် တောင်ကြီးမြို့ပေါ်ရှိ နေရာ ၉ ခုတွင် ယာယီ ဈေးရောင်းချရန် နေရာ သတ်မှတ်ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အဝေရာမီးပုံးပျံကွင်းဘေး လမ်းမ အပါအဝင် တောင်ကြီးမြို့ပေါ်ရှိ နေရာ ၉ ခုတွင် ယာယီ ဈေးရောင်းချရန် နေရာ သတ်မှတ်ပေးမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းမုခ်ဦးဘေးရှိ ကျောက်တစ်လုံးကြီးလမ်း အပါအဝင် နေရာ ၉ ခုတွင် ကုန်စိမ်းနှင့် သားငါး ရောင်းချနိုင်ရန်အတွက် ယာယီ ဈေးရောင်းချရန် နေရာ ၉ ခု သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“အစည်းအဝေးဆုံးဖြတ်ချက်တော့ မကျသေးပါဘူး။ အကြမ်းဖျဉ်း ဆုံးဖြတ်ထားပါတယ်။ ကုန်စိမ်းနဲ့ သားငါးဈေးတစ်ခု ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။ မနက်ဖြန် အစည်းအဝေးပြီးရင် သတင်းထုတ်ပြန်ပေးပါမယ်။ ရောဂါ ကူးစက်မှု မရှိအောင် ကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ပေဘယ်လောက်ခွာရမယ် ဆိုတာကအစ အင်ဂျင်နီယာတွေနဲ့ တွက်ချက်ပြီး စီမံချက် ဆွဲထားပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုကလည်း “ယာယီဈေး ရယ်လို့တော့ မဟုတ်ပါဘူး။ သူ့ရပ်ကွက်ကလူ သူရောင်းဖို့ပါပဲ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ဈေးရောင်းချရန် သတ်မှတ်ထားသည့် နေရာများမှာ ဘုရားဖြူရပ်ကွက်ရှိ ပန်းတင်လမ်းမကြီး၊ ရေထွက်ဦးလမ်း၊ ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်း၊ စဝ်စံထွန်းရပ်ကွက်ရှိ ရှမ်းကျောင်းလမ်း၊ ‌ရွှေတောင်ရပ်ကွက်ရှိ နဂါးပွက်ကျောင်းလမ်း၊ ချမ်းမြသာစည်ရပ်ကွက်ရှိ စတုဘုမ္မိကကျောင်းအနီး၊ စိန်ပန်းရပ်ကွက်ရှိ အထက (၈) နောက်ကျော ဒေါနလမ်း၊ မြို့မရပ်ကွက်ရှိ မြောက်ကျောင်းလမ်းနှင့် တူးမြောင်းလမ်းဆုံ၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်းအနောက်ဘက်မုခ်ဦးအနီး ကျောက်တစ်လုံးကြီးလမ်း စသည့်နေရာတို့ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဈေးရောင်းချရန် သတ်မှတ်ထားသည့်နေရာများကို တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့ ဧပြီလ ၁၇ ရက်၊ ညနေပိုင်းတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
“ဒီနေရာမှာ ပြည်သူလူထု အဆင်ပြေအောင် ဈေးရောင်းချမယ်ဆိုတော့ အဲဒါကို ကျွန်တော်တို့က လာပြီး ပိုးသတ်ပေး တာပါ။ တစ်မြို့လုံးမှာ သတ်မှတ်ထားတဲ့ နေရာတွေ အကုန်လုံးကို လိုက်ပြီးဖြန်းပေးနေပါတယ်။ ဈေးကတော့ မနက်ဖြန် စခင်းမယ်လို့ သိရပါတယ်။ ဈေးခင်းပြီး နောက်ပိုင်းလည်း လိုအပ်ချက်ရှိရင် ထပ်ဖြန်းပေးသွားမှာပါ” ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးမြင့်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မဈေး၊ စဝ်စံထွန်းဈေး၊ ရဲဘော်ဈေး၊ အမှတ် (၅) ဈေး၊ ဘူတာဈေး ဟူ၍ အဓိကဈေးကြီး ၅ ခုရှိပြီး ယင်းဈေးများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ မှ ညွှန်ကြားထားကြောင်း သိရသည်။
.

Journal Download

Photo of three cats