ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အား တစ်မြို့လုံးအတိုင်းအတာဖြင့်
Lockdown ပြုလုပ်ရန် အစီအစဉ် မရှိသေးဘဲ လတ်တလော၌ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသော COVID-19 ပိုးတွေ့လူနာ အမျိုးသား၏ မိသားစု နေထိုင်ရာ လမ်းကိုသာ အသွားအလာကန့်သတ်ထားကြောင်း
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် က ပြောဆိုခဲ့သည်။
.
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်
COVID-19 ကပ်ရောဂါမှာ မြန်မာနိုင်ငံ၌ ဖြစ်ပွားသူ၊ သေဆုံးသူများ ရှိလာနေပြီး တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင်လည်း COVID-19 ပိုးတွေ့လူနာတစ်ဦး တက်ရောက်ဆေးကုသမှု ခံယူနေသည့်အတွက်
တောင်ကြီးမြို့ပေါ်တွင် အသွားအလာ ရှင်းလင်းနေကာ တစ်မြို့လုံး Lockdown ပြုလုပ်ထားသည်ဟု
ဒေသခံများအကြား ကောလာဟလများ ထွက်ပေါ်နေခြင်းဖြစ်သည်။
“တောင်ကြီးမြို့ကို Lockdown မချပါဘူး။ လက်ရှိ ပိုးတွေ့လူနာနဲ့
ပတ်သက်တဲ့ ဥဩလမ်းတစ်ခုပဲ Lockdown ပါ။ ဖြစ်တဲ့ညက ၄ လမ်း ချခဲ့ပေမဲ့ ကျန်တဲ့ လမ်း ၃
လမ်းက ကူးစက်ဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်နဲ့ အကွာအဝေး အပေါ်မှာ မူတည်ပြီး ပြန်ဖွင့်ထားပါတယ်။
ဈေးတွေကိုတော့ အကန့်အသတ်မရှိ ပိတ်ထားပါတယ်” ဟု တောင်ကြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အသွားအလာ ကန့်သတ်ခြင်း မရှိသော်လည်း ပြည်သူများအနေဖြင့်
မဖြစ်မနေ အခြေအနေမှသာ သွားလာရန် အသိပေး နှိုးဆော်မှုများ၊ စိစစ်မေးမြန်းမှုများကို
လုပ်ဆောင်နေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ထို့အပြင် တောင်ကြီးခရိုင်အတွင်းရှိ တောင်နီ၊ ရွှေညောင်၊ အေးသာယာ၊
အောင်ပန်း စသည့်မြို့ရွာများတွင်လည်း လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး
အောင်ပန်းကုန်စည်ဒိုင်တွင် ကုန်စည်စီးဆင်းမှု စနစ်တကျ ဖြစ်စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက်
ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော
COVID-19 ပိုးတွေ့လူနာ အမှတ် ၂၉ နှင့် ၎င်း၏ မိသားစုဝင်များ၊ အတူခရီးသွားခဲ့သူ တို့မှာ
လတ်တလောတွင် ကျန်းမာရေး ကောင်းမွန်နေသည်ဟု သိရသည်။
.
“ဒီနေ့အထိတော့ လူနာရော၊ သူ့မိသားစုဝင်တွေရော ကျန်းမာရေး ကောင်းမွန်နေပါတယ်။
စစ်ဆေးရေးဂိတ်က အဖွဲ့ တွေကတော့ အနီးကပ်ထိတွေ့ခဲ့တာ ၂၃ ယောက် မဟုတ်ပါဘူး။ တကယ်တမ်း ထိတွေ့ခဲ့တာ
၁၀ ယောက်လောက်ပဲ ရှိပါတယ်။ အားလုံး ကျန်းမာရေး ကောင်းပါတယ်။ သူတို့ရဲ့ ဓါတ်ခွဲနမူနာတွေကို
ဒီနေ့ ရန်ကုန်ကို ပို့မှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ
ဒေါက်တာနှင်းအိဖြူက ယနေ့ ဧပြီလ ၁၃ ရက်၊ နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ်
အမျိုးသား (လူနာအမှတ် ၂၉) သည် အင်္ဂလန်နိုင်ငံမှ မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့
ရောက်ရှိခဲ့ပြီး မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ပုလဲမြို့သစ်ရှိ သဲအင်းဂူတရားစခန်း
တွင် Quarantine ၁၄ ရက် ဝင်ရောက်၍ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း
ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.