COVID-19 လူနာ အမှတ် ၉၆ နှင့် အတူနေထိုင်ခဲ့သည့် တောင်ကြီးမှ အမျိုးသားကို သီးခြားထားရှိ၍ စောင့်ကြည့်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ အမှတ် ၉၆ နှင့် အတူနေထိုင်ခဲ့သည့် တောင်ကြီးမှ အမျိုးသားကို သီးခြားထားရှိ၍ စောင့်ကြည့်သွားမည်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နေ COVID-19 အတည်ပြုလူနာ အမှတ် ၉၆ နှင့် ရန်ကုန်မြို့တွင် အတူနေထိုင်ခဲ့သည့် တောင်ကြီးမြို့မှ အမျိုးသားတစ်ဦးကို Community Based Quarantine တစ်ခုတွင် သီးခြားထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
.

.
အသက် ၄၈ နှစ်အရွယ် အဆိုပါ အမျိုးသားသည် လူနာအမှတ် ၉၆ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တိုက်ခန်း တစ်ခုတွင် အတူနေထိုင်ခဲ့သူဖြစ်ကာ ဧပြီလ ၆ ရက်တွင် တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိ၍ မင်္ဂလာဦး ရပ်ကွက်ရှိ စုပေါင်းအိမ်ရာတွင် နေထိုင်နေလျက်ရှိသူ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့သို့ ပြန်ရောက်ပြီးနောက် ယင်းအမျိုးသားသည် ၎င်း၏ညီဖြစ်သူနှင့်အတူ တစ်ခန်းတည်း အိပ်ခဲ့ကာ ဧပြီလ ၇ ရက်တွင် လူနာအမှတ် ၉၆ လူကြုံပါးလိုက်သည့် ပစ္စည်းများအား တောင်ကြီးမြို့ရှိ လူနာ၏ ကလေးများထံသို့ သွားရောက်ပို့ဆောင်ခြင်း၊ ယင်းနေ့ ညနေပိုင်းတွင် သူငယ်ချင်း တစ်ဦး၏ နေအိမ်၌ မိတ်ဆွေ ၆ ဦးနှင့်အတူ ဘီယာ သောက်ခြင်း၊ ဧပြီလ ၈ ရက်တွင် သစ်တောရပ်ကွက်၊ ကျောက်တစ်လုံးကြီးလမ်းရှိ သူငယ်ချင်းတစ်ဦး၏ နေအိမ်သို့ အသုဘ ကူညီရန် သွားရောက်ခြင်း၊ ယင်းနေ့ ညနေပိုင်းတွင် မိတ်ဆွေ၆ ဦးနှင့်အတူ ဘီယာသောက်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် နေအိမ်အပြင်သို့ ထွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားအား Community Based Quarantine တစ်ခုတွင် သီးသန့်ပြောင်းထားရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ၎င်း၏ ဓါတ်ခွဲနမူနာကို ရယူ၍ ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ဆောင်ရွက် ထားရှိကာ ၎င်း၏ မိသားစုဝင်များ၊ ၎င်းနှင့် ထိတွေ့ခဲ့သူများအား နေအိမ်၌သာ နေထိုင်ရန် ကျန်းမာရေး ဌာနက ညွှန်ကြားထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ ဧပြီလ ၁၉ ရက်အထိ COVID-19 အတည်ပြုလူနာ ၄ ဦးအထိ ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာအမှတ် ၂၉၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးဆေးရုံမှ လူနာအမှတ် ၁၄၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ  လူနာအမှတ် ၆၄ နှင့် လူနာအမှတ် ၉၆ တို့ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats