ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အကြားရှိ စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား
ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်သွားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း တောင်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်က ပြောဆိုခဲ့သည်။
.
.
“ပိတ်တာကတော့ မဟုတ်ပါဘူး။ လူငယ်တချို့က
ဆိုင်ကယ်တွေနဲ့ အကြောင်းမရှိ အကြောင်းရှာပြီး လာကြပြီး သောက်စားမူးယစ်တာတွေရှိလို့
အဲဒီလို အဖွဲ့တွေကို ပေးမဝင်တာပါ။ ပုံမှန်အားဖြင့်ကတော့ သွားလို့ရပါတယ်” ဟု တောင်ကြီးမြို့နယ်
စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
ထို့အတူ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနန်းတင့်ကလည်း ဟိုပုံမြို့ အဝင်/ထွက်ဂိတ်များကို ပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း
သွားလာခွင့်ပြုထားကြောင်း ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့အဝင်/အထွက် နေရာများဖြစ်သော
အဆိုပါ တောင်ကြီး-ဟိုပုံးဂိတ်၊ တောင်လေးလုံးဂိတ်၊ နမ့်ဟူးဂိတ်နှင့် ကျောက်တလုံးကြီးဂိတ်များတွင်
ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ
စစ်ဆေးရေးစခန်းများ ဖွင့်လှစ်၍ ခရီးသွားများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ယာဉ်များအား
ပိုးသတ်ဆေး ဖြန်းပေးခြင်း၊ အသိပညာ ပေးခြင်း လုပ်ငန်းများကို ၂၄ နာရီ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.