COVID-19 ကာလအတွင်း တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပျိုးပင်များ အခမဲ့ ဖြန့်ဖြူးပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာလအတွင်း တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပျိုးပင်များ အခမဲ့ ဖြန့်ဖြူးပေးနေ


မော်မော်
.
ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တောင်သူများအနေဖြင့် မိမိနေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် Home Gardening စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် မျိုးကောင်း မျိုးသန့် မျိုးစေ့များ၊ ပျိုးပင်များအား အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
.
 
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လူစုလူဝေး ရှောင်ရှားရမည့် ကာလဖြစ်သဖြင့် ဟင်းသီးဟင်းရွက် နှင့် သီးပင်စားပင်များကို မိမိနေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် လူဦးရေ ထူထပ်သည့် ဈေးများသို့ သွားရောက်ဝယ်ယူရခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယင်းကဲ့သို့ မျိုးစေ့များကို ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်းထံက သိရသည်။
.
“မျိုးစေ့၊ ပျိုးပင်တွေ ဘယ်လောက်အထိ ဖြန့်ပြီးပြီဆိုတာ စာရင်းဇယား အတိအကျကတော့ မရသေးပါဘူး။ အခုထိ လိုအပ်နေတဲ့ တောင်သူတွေကို ဖြန့်ဝေပေးနေဆဲဖြစ်ပါတယ်။ စီးပွားဖြစ် စိုက်တဲ့သူကိုတော့ မပေးနိုင်ပါဘူး။ တစ်ပိုင် တစ်နိုင်အတွက် ပေးတာပါ။ လူစုလူဝေး ရှောင်နိုင်အောင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါတယ်။ လူထူထပ်တဲ့ ဈေးလိုနေရာကို မသွားဘဲ ကိုယ့်အိမ်ဝိုင်းထဲမှာကိုယ်စိုက်ပြီး စားနိုင်အောင် လုပ်ပေးတာပါ” ဟု ဦးဇော်ဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုအခါ သီးပင်စားပင်များ စိုက်ပျိုးရန် လိုအပ်ချက်များစွာ ရှိနေသည့်ကာလဖြစ်သဖြင့် သက်တမ်းတိုတိုနှင့် ခူးဆွတ် ရိတ်သိမ်းနိုင်မည့် ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များနှင့် ပျိုးပင်များအား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး လိုအပ်သော တောင်သူများအနေဖြင့် တောင်ကြီးခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.
ယခုအခါ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ ဈေးပိတ်ရက် ဖြစ်သည့်အပြင် လူစုလူဝေး ရှောင်ရှားနိုင်ရန် အတွက် တောင်ကြီးခရိုင်အတွင်းရှိ ဈေးများအားလုံးကို အကန့်အသတ်မရှိ ပိတ်သိမ်းထားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.

Journal Download

Photo of three cats