တောင်ကြီးဂေါက်ကလပ် ဝင်ပေါက်အနီးတွင် အမည်မသိ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးဂေါက်ကလပ် ဝင်ပေါက်အနီးတွင် အမည်မသိ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိ


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စူဠာမုနိဘုရား ဓမ္မာရုံရှေ့၊ တောင်ကြီးဂေါက်ကလပ်ဝင်ပေါက်အနီး ရေမြောင်း အတွင်း ယနေ့ ဧပြီလ ၁၄ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
.

.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ယနေ့ ဧပြီလ ၁၄ ရက်၊ နံနက် ၁၀ နာရီ ခန့်တွင် ကျောင်းကြီးစုရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ရှိ တောင်ကြီး‌ဂေါက်ကလပ် ဝင်ပေါက်ဘေး ရေမြောင်း အတွင်း အမျိုးသားတစ်ဦး သေဆုံးနေကြောင်း တောင်ကြီးမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ချက်အရ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဝင်းအောင် ဦးစီးသော တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အဆိုပါဂေါက်ကလပ်အနီး အမြင့် ၃ ပေ၊ အနံ ၂ ပေခန့်ရှိ ရေမြောင်းအတွင်း ထိုင်လျက်အနေအထားဖြင့် ဦးခေါင်းငိုက်ကျလျက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည့် အသက် ၃၅ နှစ်ခန့်ရှိ အမည်မသိ အမျိုးသား အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက် စုံစမ်းမေးမြန်းချက်များအရ သေဆုံးသူသည် နေရပ် အတည်တကျမရှိဘဲ လမ်းဘေးတွင် လေလွင့်သွားလာကာ ပလတ်စတစ်ဘူးခွံများ လိုက်လံ ကောက်လေ့ရှိပြီး ညပိုင်းအချိန်များတွင် အခင်းဖြစ်နေရာ၌ အိပ်လေ့ရှိကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် COVID-19 နှင့် ပတ်သက်မှု မရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats