ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှေ့တွင် ယနေ့ ဧပြီလ
၂၄ ရက် ညနေပိုင်းက ပျံကျဈေးသည် ၃၀ ဦးခန့်မှ ဈေးပြန်လည်ရောင်းချခွင့် ရရှိရေးအတွက် စုဝေးတောင်းဆို
ခဲ့ကြသည်ဟု သိရသည်။
.
.
အဆိုပါ
ဈေးသည်များမှာ City
Square Shopping Center အရှေ့ လမ်းကြားတွင် ပျံကျ ရောင်းချသည့် ဈေးသည်များ
ဖြစ်ပြီး ၎င်းတို့၏ မူလနေရာတွင် ဈေးပြန်လည်ရောင်းချခွင့် ရရှိရေးအတွက် တောင်းဆို ခဲ့ကြခြင်းဖြစ်ကြောင်း
သိရသည်။
“ကျွန်မတို့က
City Square ရှေ့မှာ ရောင်းကြတာပါ။ အရင်နေရာမှာ ပြန်ရောင်းခွင့်ရဖို့ သွားပြောကြတာပါ။ စည်ပင်
ကတော့ ဈေးပြန်ဖွင့်တာနဲ့ ရောင်းခွင့်ပေးမယ်လို့ ပြောပါတယ်” ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။
.
“လူစုလူဝေး
မဖြစ်အောင်လို့ ရပ်ကွက်အလိုက် ယာယီဈေးရောင်းချဖို့ လုပ်ထားပေးတဲ့ နေရာတွေရှိပါတယ်။
သူတို့က အဲဒီမှာ မရောင်းချင်ဘူး။ မူလ ရောင်းတဲ့နေရာမှာပဲ ရောင်းချင်လို့ လာပြောကြတာပါ”
ဟု တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ထို့အတူ
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုကလည်း “ဈေးမရောင်းရ နေရာမှာ
ရောင်းလို့ စည်ပင်က တားရတာပါ။ သူတို့က ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့ဈေးမှာ ရောင်းမကောင်းလို့
ကန့်သတ် ထားတဲ့ ဈေးနားမှာ ရောင်းချင်လို့ လာတောင်းဆိုတာပါ” ဟု ပြောဆိုခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်း
ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID-19
ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် လူစုလူဝေး မဖြစ်ပေါ် စေရေး တောင်ကြီးမြို့နယ်အတွင်းရှိ
ဈေးများအားလုံးကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပြီး မြို့ပေါ် ရပ်ကွက်အလိုက် ယာယီဈေးရောင်းချရန်နေရာ
၉ ခု သတ်မှတ်ထားပေးပြီးဖြစ်ကြောင်း သိရသည်။
.