ဗျတ္တ
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါသည် လတ်တလောတွင်
မြန်မာနိုင်ငံအတွင်း၌လည်း ကူးစက်မှုများ ရှိလာသည့်အတွက် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ
အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၏ ငွေစုငွေချေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ယာယီအားဖြင့်
ရပ်ဆိုင်းထားသည်ဟု သိရသည်။
.
.
ချမ်းသာရပ်ကွက် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း အလုပ်အမှုဆောင်များ၏
အစည်းအဝေးဆုံးဖြတ်ချက် အရ အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသားများအတွက် ကျန်းမာရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်၍ အရေးကြီးဆုံးအချိန် ရောက်နေသည့်အတွက် နေ့စဉ် ငွေးသွင်းခြင်း၊
ထုတ်ခြင်း ကိစ္စရပ်များကို ဧပြီလ ၁ ရက်မှ ၃၀ ရက် အထိ တစ်လတိတိ ရပ်နားမည်ဖြစ်ကြောင်း
သိရသည်။
“အခုက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့
အစိုးရိမ်ရဆုံး အနေအထားမှာ ရောက် နေတယ်။ နေ့စဉ် ညနေ ၃ နာရီလောက်ကစပြီး ည ၇ နာရီလောက်အထိ
အသင်းသားတွေနဲ့ ငွေသွင်း/ငွေထုတ် ကိစ္စ တွေ လုပ်နေရတော့ လူစုလူဝေးသဘော ဖြစ်နေတာပေါ့။
အဲဒါကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်အောင် အမှုဆောင်အဖွဲ့တွေ အစည်းအဝေးတိုင်ပင်ပြီး
တစ်လရပ်နားဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ချမ်းသာ သမဝါယမ ငွေစုငွေချေးအဖွဲ့မှ အမှုဆောင်
ဦးသန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက် ငွေစုငွေချေးအသင်းအား ရပ်ကွက်သူရပ်ကွက်သူသား၊
အခြေခံလူတန်းစားများ ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပြေလည်စေနိုင်ရန်အတွက် ၂၀၁၀ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် အသင်းဝင်ပေါင်း ၆၀၀ ကျော်ဖြင့်လည်ပတ်နေလျက်ရှိကြောင်း
သိရသည်။
.
အလားတူ တောင်ကြီးမြို့ပေါ်ရှိ အချို့သော ငွေစုငွေချေးအသင်းများလည်း
ငွေသွင်း/ငွေထုတ် လုပ်ငန်းများကို ယာယီ ရပ်နားထားကြကြောင်း သိရသည်။
.