ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော COVID-19 ပိုးတွေ့ လူနာအမှတ် (၁၂၁) နှင့် ဆက်စပ်သူ ၄ ဦး အပါအဝင် စုစုပေါင်း ၅
ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး
မတွေ့ရှိရ ကြောင်းနှင့် ၁၁ ဦးတို့၏ ဓါတ်ခွဲနမူနာများကို ထပ်မံပေးပို့ထားကြောင်း ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
“Case 121 နဲ့ ထိတွေ့ခဲ့တဲ့ ၃ ဦးရယ်၊ စဝ်စံထွန်းဆေးရုံက သူ့ကို စမ်းသပ်ခဲ့တဲ့ လက်ထောက်ဆရာဝန်တစ်ယောက်ရယ်၊
နောက် လွိုင်လင်က သံသယံလူနာတစ်ယောက်ရယ် စုစုပေါင်း ၅ ဦးကတော့ Negative ထွက်ပါတယ်။ လူနာအမှတ် (၁၂၁) ကလည်း ကျန်းမာရေး ကောင်းနေပါတယ်။ မနေ့ (ဧပြီလ
၂၇ ရက်) က ၁၁ ဦး ဓါတ်ခွဲနမူနာ ထပ်ပို့ထားပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ဓါတ်ခွဲနမူနာ ပေးပို့ထားသည့် ၁၁
ဦးတွင် လူနာအမှတ် (၁၂၁) နှင့် ထိတွေ့ခဲ့သူ တစ်ဦးနှင့် လူနာအမှတ် (၉၆) နှင့် ဆက်စပ်သူတစ်ဦးပါဝင်ပြီး
ကျန်၉ ဦးမှာ သံသယလူနာများဖြစ်ကြကြောင်း သိရသည်။
.
လူနာအမှတ်(၁၂၁)သည် ရှမ်းပြည်နယ်၊
တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁ ရက်က
ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး လက်ရှိတွင် စဝ်စံထွန်းဆေးရုံ၌
ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်နေသည်ဟု ယင်း
လူနာအမှတ်(၁၂၁) ထံမှ သိရသည်။
.
ထို့အတူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင်
တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 ပိုးတွေ့လူနာ
အမှတ် (၂၉) သည် တတိယအကြိမ် ဓါတ်ခွဲစစ်ဆေးမှုတွင် ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့
ဧပြီလ ၂၇ ရက်၊ မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ တောင်ကြီးမြို့ပေါ်ရှိ
ဟိုတယ်တစ်ခုတွင် Hotel Quarantine ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ ဧပြီလ ၂၈
ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ
ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသော လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂)၊ လားရှိုး
ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄)၊ မူဆယ်ပြည်သူ့ဆေးရုံ
ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ
လူနာအမှတ် (၂၉) တို့ဖြစ်ကြောင်း သိရသည်။
.