တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓါတ်ခွဲအဖြေများ ယနေ့ည သိရှိနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓါတ်ခွဲအဖြေများ ယနေ့ည သိရှိနိုင်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ဆက်စပ် မှုရှိခဲ့သူ ၅၄ ဦးတို့၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဌာနသို့ ပို့ဆောင်ထားပြီး ဓါတ်ခွဲအဖြေများကို ယနေ့ညတွင် သိရှိနိုင်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
“ဓါတ်ခွဲနမူနာတွေက မနေ့ညက ရန်ကုန်ကို ရောက်သွားပြီလို့ သိရပါတယ်။ ဒီနေ့ စစ်ဆေးမယ်ဆိုရင်တော့ ဒီနေ့ညပိုင်း လောက် အဖြေသိရနိုင်ပါတယ်။ လူနာနဲ့ ထိတွေ့ခဲ့တာ အားလုံး ၅၄ ယောက်ပါ။ လူနာကလည်း ကျန်းမာရေး အခြေအနေလည်း ကောင်းနေပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) သည် အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင် လေကြောင်း ခရီးဖြင့် ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်မြို့၌ Hotel Quarantine ၁၄ ရက် ဝင်ရောက်ပြီးနောက် ဧပြီလ ၅ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့ ဟဲဟိုးလေဆိပ်မှတစ်ဆင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဧပြီလ ၁၉ ရက်တွင် ၎င်း၏ ဓါတ်ခွဲနမူနာအား ပို့ဆောင်စစ်ဆေးရာ ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြနယ်အတွင်း ယနေ့ ဧပြီလ ၂၅ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၂၉)၊ လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂)၊ လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄) နှင့် မူဆယ်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) တို့ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats