ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်း အသုံးပြုနိုင်ရန်အတွက်
COVID-19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်စက် ၂ စုံ လှူဒါန်းရန်
အလှူရှင်များ က ကမ်းလှမ်းထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆက်လက်တင်ပြထားကြောင်း
ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်ထံက သိရသည်။
.
.
အဆိုပါ အလှူရှင်များမှာ ငါးပါးသီလ စာသင်ကျောင်းသားဟောင်းများအဖွဲ့မှ
လားရှိုးပြည်သူ့ဆေးရုံကြီးအတွက် ဓါတ်ခွဲ စမ်းသပ်စက် တစ်စုံကိုလည်းကောင်း၊ မဟာယာန ယူနန်ဗုဒ္ဓဘာသာရန်ပုံငွေရှာဖွေရေးကော်မတီမှ
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ အတွက် ဓါတ်ခွဲစမ်းသပ်စက် တစ်စုံတို့ကိုလည်းကောင်း
လှူဒါန်းရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး စက်တစ်စုံလျှင် တန်ဖိုး ငွေကျပ် သိန်း ၄၀၀၀
ခန့် ရှိကြောင်း သိရသည်။
“ဒီလိုလှူဒါန်းတာနဲ့ ပတ်သက်လို့ လက်ခံဖို့၊
လက်မခံဖို့ ဆိုတာ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ခွင့်ပြုခဲ့မယ်ဆိုရင်တော့
ဒီစက်တွေက ဧပြီလ ၂၂ ရက်ဆိုရင် မန္တလေးကို ရောက်မှာပါ။ ဒီစက်တွေ ရောက်လာရင် ရှမ်းပြည်နယ်အတွင်းက
သံသယလူနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ဓါတ်ခွဲစမ်းသပ်နိုင်မှာဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီး
ဦးစိုးညွန့်လွင်က ပြောသည်။
.
ထို့အပြင် အဆိုပါ အလှူရှင်များမှ မန္တလေးတိုင်းဒေသကြီးအတွက်လည်း
COVID-19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်စက်များ လှူဒါန်းရန်
ကမ်းလှမ်းထားကြောင်း သိရသည်။
.
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ COVID-19
သံသယလူနာများ၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ
အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတစ်ခုတည်းတွင်သာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနေခြင်းဖြစ်ပြီး
နေ့စဉ် ရောက်ရှိ လာသည့် ဓါတ်ခွဲနမူနာအရေအတွက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏
ခရီးအကွာအဝေးအလိုက် ခရီးကြာမြင့်ချိန် ကန့်သတ်ချက်များ ရှိနေသဖြင့် ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်တို့တွင် COVID-19 ဓါတ်ခွဲစမ်းသပ် စက်များ ရောက်ရှိပါက ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းစဉ်
ပိုမိုမြန်ဆန်အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
.