တောင်ကြီးတွင် အခြေခံလူတန်းစားများအား စားနပ်ရိက္ခာများ စတင်ဖြန့်ဖြူး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အခြေခံလူတန်းစားများအား စားနပ်ရိက္ခာများ စတင်ဖြန့်ဖြူး


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့ ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းက ဝင်ငွေပုံမှန်မရှိသော အခြေခံ လူတန်းစားများအား စားနပ်ရိက္ခာများ စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ 
.

.
ထိုသို့ ဖြန့်ဖြူးရာတွင် တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်နှင့် ရတနာသီရိရပ်ကွက်များရှိ အခြေခံလူတန်းစားများအား အိမ်များအရောက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ ရပ်ကွက်မှာ နယ်မြေ ၇ နယ်မြေရှိတဲ့အထဲမှာ ဒီနေ့ ၆ နယ်မြေကို ဝေငှခဲ့ပါတယ်။ နယ်မြေမှူးတွေ၊ သက်ဆိုင်ရာ ရပ်မိရပ်ဖတွေနဲ့ တစ်အိမ်ဆင်း တစ်အိမ်တက် ၂ ရက် လောက် စာရင်းပြုစုခဲ့တာဖြစ်ပါတယ်။ ပုံမှန် ဝင်ငွေမရှိတဲ့ ဆင်းရဲသားတွေကို လှူဒါန်းတာဖြစ်ပါတယ်။ အခုလို ဖြန့်ဝေတဲ့အခါမှာ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ပြီးတော့ လိုအပ်တဲ့သူတွေကို ထပ်လှူနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်” ဟု စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်ပစ္စည်းများဖြစ်သော ဆန် ၈ ပြည် ၁ အိတ်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၁ ပိဿာများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ရွှေတောင်ရပ်ကွက်၊ နယ်မြေ () နေ မမော်က “အခုလို အလုပ်နားနေတဲ့အချိန် ဝေပေးတော့ ဝမ်းသာပါတယ်။ ကျွန်မက အကြော်ရောင်းပါတယ်။ အမျိုးသားက ကုန်ထမ်းတာပါ။ လက်ရှိတော့ အလုပ်နားထားရပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
စိန်ပန်းရပ်ကွက်တွင် အိမ်ထောင်စု ၁၅၄၂ စု ရှိပြီး အိမ်ထောင်စု ၂၃၁ စုသာ စားနပ်ရိက္ခာများ ရရှိခဲ့ကာ ရွှေတောင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၉၄၁ စု အနက် အိမ်ထောင်စု ၂၉၁ စုချမ်းမြသာစည်ရပ်ကွက်တွင် အိမ်ထောင်စု ၁၂၀၄ စု အနက် အိမ်ထောင်စု ၁၈၁ စု၊ ရတနာသီရိရပ်ကွက်တွင် အိမ်ထောင်စု ၂၀၂၂ စု အနက် အိမ်ထောင်စု ၃၀၃ စုသာ စားနပ်ရိက္ခာများ ရရှိခဲ့ကြောင်း သိရသည်။
.

“အလုပ်တွေ မရှိတော့ စိတ်ဆင်းရဲတာပေါ့။ အခုလို ဝေပေးတော့ ဝမ်းသာပါတယ်။ တခြားလူတွေလည်း မရှိတော့ ရစေချင်ပါတယ်” ဟု တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်နေ မစောဦးက ပြောသည်။
.
တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၅၁ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၇၁ ရွာမှ အိမ်ထောင်စုပေါင်း ၁၃၁၃၉ စု၊ လူဦးရေ စုစုပေါင်း ၆၆၀၀၆ ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများကို ဆက်လက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ လူတန်းစားများ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်လာပါက ရိက္ခာထုတ်များအား အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေလှူဒါန်းရန် စီစဉ်ထားသည့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ထံသို့ ကမ္ဘောဇဘဏ်က ဆန်အိတ် ၃၀၀၀ ထပ်မံ လှူဒါန်းထားပြီး ယင်းဆန်အိတ်များကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ ဆက်လက် ဖြန့်ဝေ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats