နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး ယနေ့
ဧပြီလ ၂၈ ရက်က သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
“သူက ရပ်စောက် အင်တောကပါ။ ဆေးရုံတက်တာက ၂၃ ရက် ည ၁၁ နာရီပါ။ ဆေးရုံတက်တာကတော့
ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာနဲ့ တက်တာပါ။ သူ့ရဲ့ ဓာတ်ခွဲနမူနာကို မနေ့ (ဧပြီ ၂၇
ရက်) ညက NHL ပို့ထားတယ်။ အဖြေကတော့ မရသေးဘူး”ဟု
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့
ပြောသည်။
သေဆုံးသူသည် အသက် ၅၀ နှစ်ရှိ
အမျိုးသမီးဖြစ်ပြီး ပြည်ပမှ ခရီးသွားရာဇဝင် မရှိဘဲ ၎င်း၏ သားဖြစ်သူမှာ
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ “သွေးဆိပ်တက်တာ၊
နောက်တစ်ခုက အဆုပ်ပွတာ၊ သွေးရောဂါ ရှိတယ်။ COVID-19 နဲ့ ပတ်သက်လို့ကတော့ အဖြေမထွက်သေးတော့ သံသယထဲ ပါနေပေမယ့်လည်း
မပြောနိုင်သေးဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ ဧပြီလ ၂၈
ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ
ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင်
တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင်
တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂)၊
လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄)၊
မူဆယ်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) နှင့်
ဆေးရုံမှ ဆင်းခွင့်ရသူ လူနာအမှတ် (၂၉) တို့ဖြစ်ကြောင်း သိရသည်။
.