စိုင်းရာဇာ၊ မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊
မြို့မရပ်ကွက်မှ COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ နှင့် ထိတွေ့ ခဲ့သူများ
ကို ကျန်းမာရေးဌာနက လိုက်လံစုစည်းနေလျက်ရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား ရန်ကုန်မြို့ရှိ
အမျိုးသားဓါတ်ခွဲမှု ဌာနသို့ပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ
သိရသည်။
.
.
“လေယာဉ်စီးလာတဲ့ရက်ကဆိုရင် ၁၇ ရက်မြောက်
ဖြစ်သွားပြီပေါ့။ လောလောဆယ်တော့ Facilities Quarantine မလုပ်သေးဘူး။ Home Quarantine တော့ ထားမယ်။ သူ့ရဲ့ Contact Person ကို စစ်ကြည့်လိုက်တော့ မိသားစုက ၅ ယောက်၊ သူငယ်ချင်းက ၃ ယောက်၊
သူသွားခဲ့တဲ့ သွားဆေးခန်းက ၄ ယောက်၊ အားလုံး ၁၂ ယောက်ပေါ့။ ဒါကတော့ လောလောဆယ်
ရထားတဲ့ သူတွေပေါ့။ အဲဒီ ၁၂ ယောက်ရော၊ လေယာဉ်အတူစီးခဲ့တဲ့ သူတွေအကုန်လုံးကို အမျိုးသား
ဓါတ်ခွဲခန်းကို ပို့နိုင်အောင်တော့ စီစဉ်မယ်။ ဖြစ်နိုင်ရင် မနက်ဖြန်ပို့နိုင်အောင်
လုပ်မယ်။ ဒီနေ့ကတော့ အားလုံးကို စုစည်းမယ်။ လေယာဉ်ပေါ်ပါလာတဲ့ သူတွေကိုတော့ စစ်လိုက်လို့ထွက်လာရင်
ဆေးရုံပို့မယ်။ မရှိရင်တော့ Home Quarantine နဲ့ ဆက်ထားမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ နှင့်အတူ ဧပြီလ ၅ ရက်က လေကြောင်းခရီးဖြင့် ရန်ကုန်မှ
ဟဲဟိုးသို့ လိုက်ပါလာသူများတွင် ခရီးသည် ၃၂ ဦး ပါရှိရာ ၎င်းတို့မှာ တောင်ကြီးမှ ၁၈
ဦး၊ ရန်ကုန်မှ ၃ ဦး၊ ပင်းတယမှ ၃ ဦး၊ မိုင်းရှူးမြို့မှ ၂ ဦးနှင့် ဟဲဟိုး၊ ကလော၊ ညောင်ရွှေ၊
ဟိုပုံး၊ ပင်လုံ၊ သီပေါမြို့များမှ တစ်ဦးစီတို့ဖြစ်ကာ ရင်ခွင်ပိုက် ကလေးငယ် ၃ ဦးလည်း
ပါဝင်ကြောင်း သိရသည်။
.
“ပင်းတယ ဆင်ခေါင်းရပ်ကွက်က လေယာဉ်စီးလာသူနဲ့
မိသားစု ၂ စုက စုစုပေါင်း ၂၂ ဦးကိုတော့ လောလောဆယ် အိမ်မှာပဲ Home Quarantine
လုပ်ထားပါတယ်။ လေယာဉ်စီးလာသူ အားလုံးရဲ့ ဓါတ်ခွဲနမူနာတွေကို
တစ်ပြိုင်တည်း ရယူပြီး ရန်ကုန်ပို့မယ်လို့ သိရပါတယ်” ဟု ပင်းတယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာအမှတ် ၁၂၁ နဲ့အတူ သွားရောက်လည်ပတ်ခဲ့သည့်
သူငယ်ချင်းမိတ်ဆွေများ၊ တောင်ကြီးမြို့ရှိ သွားဆေးခန်း၊ ဖယ်ခုံမြို့မှ တောင်ပေါ်စခန်း
အပါအဝင် နေရာဒေသအသီးသီးရှိ ၎င်းနှင့်ထိတွေ့ခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်မှုများ
ပြုလုပ်နေလျက်ရှိကြောင်း ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာနှင်းအိဖြူ ထံက သိရသည်။
.
COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ သည် အင်္ဂလန်နိုင်ငံမှ
ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင် လေကြောင်း ခရီးဖြင့် ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်မြို့၌
Hotel Quarantine ၁၄ ရက် ဝင်ရောက်ပြီးနောက် ဧပြီလ ၅ ရက်တွင်
လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့ ဟဲဟိုးလေဆိပ်မှတစ်ဆင့်
ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဧပြီလ ၁၉ ရက်တွင် ၎င်း၏ ဓါတ်ခွဲနမူနာအား ပို့ဆောင်စစ်ဆေးရာ
ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.