တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း ၄၅ ခုတွင် ပိုးသတ်ဆေးဖြန်းပြီးဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း ၄၅ ခုတွင် ပိုးသတ်ဆေးဖြန်းပြီးဖြစ်


ကမ္ဘောဇတိုင်း
.
COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၅ ခုတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - Win Naing Soe
.
“ကျေးရွာပေါင်း ၃၀ နဲ့ ရပ်ကွက် ၁၅ ခုလောက်တော့ ဖြန်းပြီးပါပြီ။ ပြီးတယ်တော့မဟုတ်ဘူး နောက်တစ်ကြိမ် ပြန်ဝင်ဦး မှာပါ။ ကျန်တဲ့ ရပ်ကွက်/ကျေးရွာတွေမှာလည်း ဆက်ပြီးဖြန်းပေးသွားမှာပါ” ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ပိုးသတ်ဆေး ဖြန်းရာတွင် အဓိက လမ်းမကြီးများကို ဦးစွာပက်ဖြန်းသွားမည်ဖြစ်ပြီး လူနေသိပ်သည်းသည့် နေအိမ်များတွင်လည်း ပိုးသတ်ဆေး ပက်ဖြန်းပေးသွားရန် ရှိနေကြောင်း သိရသည်။
.
အဆိုပါ လူနေရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို အရပ်ဘက်အဖွဲ့အစည်းများအပြင် စေတနာရှင် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို စောင့်ကြည့် ထားရှိရာ Quarantine စင်တာများတွင်မူ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ယူ၍ ပိုးသတ်ဆေး ပက်ဖြန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ပိုးသတ်ဆေးဖြန်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆေးအပြင်းများကို ပက်ဖြန်းရခြင်းဖြစ်သည့်အတွက် တစ်ရက်လျှင် အကာအကွယ်ဝတ်စုံ ၁၂ စုံ လိုအပ်ပြီး ယင်းဝတ်စုံနှင့် ဆေးဖိုးအတွက် အခက်အခဲများ ရှိနေကာ CSO အဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းထံ သိရသည်။
.
“တောင်ကြီးမြို့က ပြည်သူတွေအနေနနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးပါ။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လမ်းညွှန်မှုတွေကိုလည်း ခံယူပေးပါ။ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင် ပါတယ်” ဟု ကိုဝင်းနိုင်စိုးက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လူနေရပ်ကွက်များအတွင်း ပိုးသတ်ဆေး ပက်ဖြန်းခြင်းလုပ်ငန်းကို မတ်လ ၃၁ ရက်မှ စတင်ဆောင်ရွက် နေခြင်းဖြစ်ပြီး ဧပြီလ ၄ ရက်မှ စတင်၍ လူအင်အားအစား မော်တော်ယာဉ်များဖြင့် အသုံးပြု ပက်ဖြန်းပေးလျက်ရှိ ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၇၁ ရွာ ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
.

Journal Download

Photo of three cats