ကိုစိုး (ကမ္ဘောဇတိုင်း)
.
COVID-19 အတည်ပြုလူနာအမှတ် (၁၂၁) နေထိုင်ရာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်အား
ကျန်းမာရေးဌာန၏ ညွှန်ကြားချက် အရ နေအိမ် Lockdown ပြုလုပ်ထားပြီး
လမ်းများကိုမူ အသွားအလာ ကန့်သတ်ထားခြင်း မရှိကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်ထံက သိရသည်။
.
.
“ကျန်းမာရေးဝန်ကြီးဌာနက
နေအိမ် Lockdown ပဲ ချပါလို့ ညွှန်ကြားထားတဲ့အတွက် အဲဒီအတိုင်းပဲ ဆောင်ရွက်ရ ပါတယ်။ လမ်းတော့
မပိတ်ပါဘူး။ လူနာနဲ့ ထိတွေ့ခဲ့တဲ့ သူတွေကတော့ လောလောဆယ် စာရင်းပြုစုနေဆဲပါပဲ” ဟု တောင်ကြီးမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ
COVID-19
အတည်ပြုလူနာ အမှတ် (၁၂၁) သည် အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင်
လေကြောင်း ခရီးဖြင့် ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့၌ Hotel Quarantine ၁၄ ရက် ဝင်ရောက်ခဲ့ကာ ဧပြီလ ၅ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ
တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင်
အတည်ပြုလူနာ သွားရောက်လည်ပတ်ခဲ့သည့် Hotel၊ Bar များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်
များအား လိုက်နာမှုရှိမရှိ စိစစ်လျက်ရှိပြီး လိုက်နာမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက
သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.
တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် ယနေ့ ဧပြီလ ၂၂ ရက်အထိ COVID-19
ပိုးတွေ့လူနာ ၂ ဦးအား ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး ၎င်းတို့မှာ
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် လူနာအမှတ် (၂၉) အမျိုးသားနှင့် ယခု မြို့မရပ်ကွက်မှ အသက် ၂၁ နှစ်အရွယ်
လူနာအမှတ် (၁၂၁) အမျိုးသမီးတို့ဖြစ်ကြောင်း
သိရသည်။
.