ကိုစိုး၊ စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင်
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ညမထွက်ရ အမိန့် ကို မူလက ၁ လ ထုတ်ပြန်ထားရမှာ
ယခုအခါ မူလအမိန့်ကို ပယ်ဖျက်၍ ၂ လ အထိ တိုးမြှင့်ထုတ်ပြန်ထားပြီး တောင်ကြီးမြို့နယ်အတွင်း
အမိန့်ကျူးလွန်ဖောက်ဖျက်သူ ၈ ဦးကို အရေးယူထားကြောင်း သိရသည်။
.
.
ထို့အပြင် ယခင်က ပုဒ်မ ၁၄၄ အစား ညမထွက်ရအမိန့်ဟု
ပြင်ဆင်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
.
“ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အားလုံး
တစ်ပြေးညီ ၂ လ တိုးမြှင့်တာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးစိုးစိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်ကလည်း “အားလုံး တစ်ပြေးညီဖြစ်အောင်ဆိုတဲ့ ညွှန်ကြား ချက်နဲ့အညီ ထပ်ထုတ်တဲ့
အမိန့်ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ယခင်ထုတ်တဲ့အမိန့်က တစ်လဖြစ်ပြီး အခုထုတ်တဲ့ အမိန့်ကတော့
၂ လဖြစ်သွားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ပြည်သူများအနေဖြင့် COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေး တို့အတွက်
အရေးပေါ် ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရ မှအပ ၂၀၂၀ ပြည့်နှစ်၊
ဧပြီလ ၂၂ ရက် မှ စတင်၍ နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်းနှင့်
လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနမှ ဧပြီလ ၂၂ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ယင်းအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍
၂ လအတည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မူလက ညမထွက်ရအမိန့်ကို ဧပြီလ ၂၀ ရက်မှ မေလ
၁၉ ရက်အထိ တစ်လတိတိ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဧပြီလ ၂၁ ရက်၊ ညပိုင်းက တောင်ကြီးမြို့နယ်အတွင်း
အမိန့်ဖောက်ဖျက်ကျူးလွန်သူ ၈ ဦးကို သက်ဆိုင်ရာ ရဲစခန်းများတွင် အမှု ဖွင့် အရေးယူထားကြောင်း
သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများမှာ အေးသာယာနယ်မြေရဲစခန်းမှ
အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနှင့် တောင်ကြီးမြို့မ ရဲစခန်းမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး
၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
“အေးသာယာမှာ ဖမ်းမိတဲ့ ၅ ယောက်လုံးကို ညမထွက်ရအမိန့်
ဖောက်ဖျက်တဲ့အတွက် ထောင်ဒဏ် ၃ လစီ ချမှတ်ပြီး ဖြစ်ပါတယ်။ တောင်ကြီးမှာ ဖမ်းမိတဲ့ ၃
ယောက်မှာ ၁ ယောက်က အသက်မပြည့်သေးတဲ့အတွက် အသက်မှန်/မမှန် ပြန်လည်စိစစ်ဖို့ တရားရုံးက
ပြန်ချပေးထားပါတယ်” ဟု ဦးဖြိုးမင်းထိုက်က ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းညမထွက်ရအမိန့်သည် တာဝန်ရှိသူများ၊
လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက် ကုန်တင်ယာဉ်များ အပေါ်
သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
.