တာချီလိတ် ပစ်ခတ်မှုမှာ ရွာသားက သေနတ် လုသဖြင့် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း RCSS ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ် ပစ်ခတ်မှုမှာ ရွာသားက သေနတ် လုသဖြင့် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း RCSS ပြော


စိုင်းသိင်္ခသူ
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူအာခါကျေးရွာတွင် ဧပြီလ ၂၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် RCSS တပ်ဖွဲ့ဝင်များက တောင်ယာလုပ်သူများထံ ငွေကြေးတောင်းခံကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည် ဟူသောသတင်းမှာ မှန်ကန်ခြင်းမရှိဘဲ လွှစက်နှင့် သစ်ခွဲသားများ တွေ့ရှိသဖြင့် မေးမြန်းရာ ကျေးရွာသားက တပ်ဖွဲ့ဝင်များထံမှ လက်နက်ဝင်လုသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၉ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“အဲဒီခွင်က အမြဲတမ်း လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်ပြီးတော့ ဧပြီ ၂၅ ရက်က လွယ်တော်ခမ်းရွာဘက်မှာ ထမင်း တောင်းစားခဲ့တယ်။ ၂၇ ရက်မှာတော့ လွယ်ပန်ကော်တောင်ပေါ်မှာ ရွာသားတွေကို တွေ့ရပြီး သစ်ခိုးထုတ်တဲ့ သစ်ဖြတ် လွှစက် ၃ ခုတွေ့လို့ ခေါ်စစ်တယ်။ တစ်ယောက်ကိုစစ်ဆေးမေးမြန်းနေတုန်းမှာ ကျန်တဲ့တစ်ယောက်က ပြေးဝင်လာပြီး သေနတ်ကိုလုတာပေါ့။ အဲဒီရဲဘော်လည်း လန့်သွားပြီး ဒါဟာ ရိုးရိုးအရပ်သား မဟုတ်ဘူးဆိုပြီး ပစ်ထည့်လိုက်တာပါ။ တစ်ချက်မှန်ပြီး ထွက်ပြေးသွားမှ လွတ်သွားရင် အန္တရာယ်ပိုများမယ်ဆိုပြီး ရပ်ခိုင်းတာ မရပ်လို့ တစ်ချက်ထပ်ပစ်လိုက် တယ်။ အဲဒီမှာ ၂ ချက် ထိသွားတယ်လို့ ကြားသိရတယ်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေး က ပြောသည်။
.
ထို့နောက် ကျေးရွာသူကြီးအား ခေါ်ယူ၍ အကြောင်းစုံ ရှင်းပြားပြီး ရဲတပ်ဖွဲ့နှင့် ကျေးရွာသူကြီးများ အပြန်အလှန် ညှိနှိုင်းအဆင်ပြေခဲ့ကြောင်းနှင့် ဆက်ကြေးကောက်ခံခြင်းမရှိသလို ငွေကြေး တစ်ပြားတစ်ချပ်မျှ တောင်းယူခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ချစ်ထူအာခါနေ မြောင်လူမျိုးများဖြစ်သည့် ဝမ်မိန်း၊ ချထိနှင့် အတူး အပါအဝင် ကျေးရွာသား ၁၀ ဦးတို့သည် ဧပြီလ ၂၇ ရက်က ဟွေအေးအောက်ကျေးရွာအနီးတွင် တောင်ယာလုပ်နေစဉ် ညနေ ၆ နာရီခန့်၌ RCSS ဝတ်စုံ ဝင်ဆင်ထားသည့် လက်နက်ကိုင် ၁၀ ဦး ရောက်ရှိလာပြီး ၎င်းတို့နှင့် မြေယာကိစ္စ ပြောဆိုရာမှ တောင်ယာတွင် စက်လွှနှင့် သစ်ခွဲသား အနည်းငယ် တွေ့ရှိသည့်အတွက် လက်နက်ကိုင်များမှ ဒဏ်ကြေးအဖြစ် ဘတ်ငွေ ၄ သိန်း တောင်းခံခဲ့ပြီး ဝမ်မိန်းနှင့် အတူးအား ဖမ်းဆီးခေါ်ဆောင်သွားရာ တောင်ယာတွင် ကျန်ခဲ့သူများက ဘတ် ၆ သောင်းဖြင့် သွားရောက်ရွေးယူစဉ် ဝမ်မိန်းအား လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကျေးရွာသားများက ပြောဆိုမှုများ ရှိခဲ့သော်လည်း RCSS ကမူ သေနတ်လုသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ချစ်ထူကျေးရွာနေ ဝမ်မိန်း (၄၆ နှစ်) တွင် နောက်ကျောဝဲဘက်လက်ပြင်မှ အရှေ့ဘက် ရင်အုံပေါက်ထွက် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနယ်မြေရှိ လွယ်ကော်ဝမ်းတွင် တပ်ဖွဲ့အချို့ အခြေစိုက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats