တာချီလိတ်တွင် RCSS ဝတ်စုံ ဝတ်ဆင်ထားသူ လက်နက်ကိုင်များမှ ကျေးရွာသားတစ်ဦးအား ပစ်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် RCSS ဝတ်စုံ ဝတ်ဆင်ထားသူ လက်နက်ကိုင်များမှ ကျေးရွာသားတစ်ဦးအား ပစ်သတ်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူအာခါကျေးရွာတွင် ဧပြီလ ၂၇ ရက်၊ ညနေပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်များ ရောက်ရှိ လာပြီး တောင်ယာလုပ်နေသူများထံမှ ငွေကြေးတောင်းခံကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
.
Photo - Ko Hla Moe
.
တာချီလိတ်မြို့မရဲစခန်းမက ဧပြီလ ၂၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် တာချီလိတ်နာရေးကူညီမှုအသင်းသို့ အကူညီ တောင်းခံလာချက်အရ အသင်းမှ အခင်းဖြစ်ပွားရာ ချစ်ထူအာခါကျေးရွာသို့ သွားရောက်ခဲ့ရာ သေဆုံးသူ၏ ဝဲဘက်လက်ပြင်မှ သေနတ်ဒဏ်ရာတစ်ချက် တွေ့ရှိခဲ့ရပြီး တာချီလိတ်ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာချီလိတ် နာရေးကူညီမှုအသင်းမှ ဦးလှမိုးထံက သိရသည်။
.
ချစ်ထူအာခါနေ မြောင်လူမျိုးများဖြစ်သည့် ဝမ်မိန်း၊ ချထိနှင့် အတူး အပါအဝင် ကျေးရွာသား ၁၀ ဦးတို့သည် ဧပြီလ ၂၇ ရက်က ဟွေအေးအောက်ကျေးရွာအနီးတွင် တောင်ယာလုပ်နေစဉ် ညနေ ၆ နာရီခန့်၌ RCSS ဝတ်စုံ ဝင်ဆင်ထားသည့် လက်နက်ကိုင် ၁၀ ဦး ရောက်ရှိလာပြီး ၎င်းတို့နှင့် မြေယာကိစ္စ ပြောဆိုရာမှ တောင်ယာတွင် စက်လွှနှင့် သစ်ခွဲသား အနည်းငယ် တွေ့ရှိသည့်အတွက် လက်နက်ကိုင်များမှ ဒဏ်ကြေးအဖြစ် ဘတ်ငွေ ၄ သိန်း တောင်းခံခဲ့ပြီး ဝမ်မိန်းနှင့် အတူးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
.
ထို့နောက် တောင်ယာတွင် ကျန်ခဲ့သူများက ဘတ် ၆ သောင်းဖြင့် သွားရောက်ရွေးယူစဉ် ဝမ်မိန်းမှာ လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးခေါ်ဆောင် ကြိုးတုပ်စဉ် ခွန်းတုံ့ပြန်ပြောဆိုသဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ အခြေစိုက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဆက်ဆံရေး ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
.
ယင်းလူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူအား ဖော်ထုတ်နိုင်ရန် တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၁၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats