ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ပြည်သူ့ဆေးရုံတွင်
ဆေးရုံအုပ်ကြီး အပါအဝင် ဆရာဝန် ၁၀ ဦးနှင့် ဝန်ထမ်း အချို့ကို တာဝန်မှ ယာယီအနားပေးထားသည့်အတွက်
ဆေးရုံလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အထူးကုဆရာဝန်
၂ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၂ ဦ စေလွှတ် ထားသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံက သိရသည်။
.
.
“တာချီလိတ်ဆေးရုံမှာ Positive လူနာတစ်ဦးနဲ့ ဆက်စပ်ပြီးတော့ ဆေးရုံအုပ်ကြီး အပါအဝင် စုစုပေါင်း ၂၁ ယောက်
Quarantine လုပ်ခံရတော့ အဲဒီမှာ ဆရာဝန်က ၁၀ ယောက် ဖြစ်နေပါတယ်။
ဒါကြောင့် ဆေးရုံရဲ့ ပုံမှန် ဆေးကုသမှု မပျက်အောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက
တာချီလိတ်ဆေးရုံမှာ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက် မှု ပေးနိုင်အောင် အထူးကုဆရာဝန်
၂ ဦး၊ လက်ထောက်ဆရာဝန် ၄ ဦး၊ သူနာပြု ၆ ဦးတို့ကို ဒီနေ့ (ဧပြီလ ၁၉ ရက်) မှာ တာချီလိတ်ဗျူဟာကို
အရောက်ပို့ပေးမယ်လို့ ပြောပါတယ်။ တပ်မတော်က တာချီလိတ်ဆေးရုံအတွက် အားဖြည့်ပေး တာပါ”
ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
မန္တလေးမြို့ရှိ သမားတော်တစ်ဦးနှင့် မေ့ဆေးဆရာဝန်တစ်ဦး တို့ကို တာချီလိတ်ဆေးရုံသို့
လွှဲပြောင်း တာဝန်ချထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တွဲဘက်ပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီး
ဌာနကလည်း ကျိုင်းတုံရှိ သားဖွားမီးယပ်ဆရာဝန်တစ်ဦးကို တာချီလိတ်ပြည်သူ့ ဆေးရုံသို့ တွဲဘက်တာဝန်ချပေးထားကြောင်း
သိရသည်။
.
တာဝန်မှ ယာယီ အနားပေးခံရသည့်
ကျန်းမာရေးဝန်ထမ်းများမှာ တာချီလိတ် ပြည်သူ့ဆေးရုံတွင် တာဝန် ထမ်းဆောင်နေ သော
ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ပြီး COVID-19 အတည်ပြု လူနာအမှတ် ၉၆ ဖြစ်သည့် အသက် ၄၃
နှစ်အရွယ် အမျိုးသားနှင့် ထိတွေ့ခဲ့ခြင်းကြောင့် အနားပေး၍ Quarantine ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.