သင်္ကြန်ကာလတွင် ကျောင်း တက်ခြင်း၊ စုပေါင်း ကန်တော့ခြင်းများ မပြုလုပ်ရန် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, April 4, 2020

သင်္ကြန်ကာလတွင် ကျောင်း တက်ခြင်း၊ စုပေါင်း ကန်တော့ခြင်းများ မပြုလုပ်ရန် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ထုတ်ပြန်


မင်းဇော်မင်း
.
သင်္ကြန်ကာလအတွင်း၌ ရိုးရာဓလေ့ အရ ကျောင်းတက် လှူဒါန်းခြင်း၊ သံဃာတော် အချင်းချင်း စုပေါင်း ကန်တော့ခြင်းများ မပြုလုပ်ကြရန် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်မှ မတ်လ ၃ ရက်က အစည်းအဝေး ပြုလုပ်၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အစည်းအဝေးဆုံးဖြတ်ချက်အရ  ထုတ်ပြန်ချက်တွင် လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် COVID-19 နှင့် သင်္ကြန်ကာလ ရိုးရာဓလေ့အရ ကျောင်းတက် လှူဒါန်းခြင်း၊ သံဃာတော်များ အချင်းချင်း စုပေါင်းကန်တော့ခြင်းနှင့် ပတ်သက်၍ နှစ်ဟောင်း နှစ်သစ် စုပေါင်းကျောင်းတက်ခြင်းကို ရပ်ဆိုင်းထားရန်၊ ဆရာဒကာ အပြန်အလှန် စုပေါင်း ကျောင်း ကန်တော့ခြင်းများ မပြုလုပ်ရန် အသိပေးသည်ဟု ပါရှိကာ မြန်မာဘာသာနှင့် ရှမ်းဘာသာများဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.

“ ရောဂါ အခြေအနေ အရပါ၊ မိုင်းဖုန်းဆရာတော်ဘုရားရဲ့ မေတ္တာရပ်ခံချက်အရ ၃ လ တစ်ကြိမ်၊ မိုင်းကျက်ဂူမှာ စုပေါင်း ပရိတ်ရွတ်၊ မေတ္တာ ပွားများနေတာကို လာမယ့် ဧပြီလ ၂၈ ရက်မှာ မိုင်းကျက်ဂူကို လာရောက်ခြင်း မပြုကြဖို့ လာတဲ့ သူတွေရော နယ်ခံတွေရော ရောဂါကြောင့် ဆရာတော်ကြီး အပါအဝင် မထိခိုက်စေချင်တဲ့ ဆန္ဒအရ စည်းဝေးပြီး ဆုံးဖြတ်ကြတာပါ။” ဟု မိုင်းဖုန်းဆရာတော်ကြီ၏ လက်ထောက်ဆရာတော် တာချီလိတ်မြို့၊ မဟာဗောဓိ ကမ္မဋ္ဌန်းကျောင်းတိုက်မှ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဉာဏသီရိက ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
ပြည်သူများ အနေဖြင့် COVID-19 ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေလိုကြောင်းနှင့် ရောဂါ အထိအခိုက်မခံ ရစေရေးအတွက် သာသနာဆိုင်ရာ စုဝေးခြင်းများ မပြုလုပ်စေလိုကြောင်း၊ မိုင်းဖုန်းဆရာတော၏ မေတ္တာ ရပ်ခံချက်အရ ဧပြီလ ၃ ရက်တွင် မိုင်းကျက်ဂူမှ သတင်းလွှာအဖြစ် ထုတ်ဝေဖြန့်ချိထားသည်ဟု ဆရာတော်က ဆက်လက် မိန့်သည်။
.
လက်ရှိ အခြေအနေတွင် သံဃာများ စုပေါင်း ဆွမ်းခံကြွခြင်းမှ အစ စုပေါင်း ဝတ်ပြုခြင်းများ၊ ဘုန်းကြီးပျံပွဲများ၊ တရားပွဲများအား COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်မှုအဖြစ် ပြုလုပ်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားကြကြောင်း သိရသည်။
.
(ထုတ်ပြန်ချက် မူရင်းတွင် ပါရှိသည့်အတိုင်း သျှမ်းဟု ဖော်ပြထားခြင်း ဖြစ်ကာ ရှမ်းဟုလည်း ပြင်ဆင်ဖတ်ရှု နိုင်ပါသည်။)

No comments:

Post a Comment

Journal Download

Photo of three cats

About