ရှမ်းပြည်နယ်စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁ သိန်းကျော်အား ထောက်ပံ့ပေးနိုင်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, April 21, 2020

ရှမ်းပြည်နယ်စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁ သိန်းကျော်အား ထောက်ပံ့ပေးနိုင်ခဲ့


မော်မော်
.
ရှမ်းပြည်နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအောက်ရှိ စားနပ်ရိက္ခာ ထောက်ပံ့‌ရေးကော်မတီ အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ ရှမ်း ပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၁ သိန်းကျော်အား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
.
.
“ရှမ်းပြည်နယ် စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အနေနဲ့ အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်နဲ့ ဝင်ငွေနည်းပါးပြီးတော့ ပုံမှန်ဝင်ငွေမရှိတဲ့ ပြည်သူများကို ထောက်ပံ့တဲ့အစီအစဉ်မှာ အောင်အောင်မြင်မြင်နဲ့ အိမ်ထောင်စု ၁ သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျူးတွေ၊ အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေ၊ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကျန်ခဲ့တာ ရှိရင် ထပ်မံစာရင်းပြုစုပြီးတော့ ဖြည့်ဆည်းပံ့ပိုးပေးသွားဖို့ ရှိပါတယ်” ဟု ရှမ်းပြည်နယ် စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကမ္ဘောဇအုပ်စုနှင့် စက်မှုလက်မှု ကုန်သည်လုပ်ငန်းရှင်အသင်း များ၊ စွန့်ဦးလူငယ်လုပ်ငန်းရှင်များအသင်း၊ ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသည့် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ အနေဖြင့်လည်း ပြည်သူလူထု စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်ထားပြီး အိမ်ထောင်စု ၁ သိန်းစာခန့်အတွက် စုဆောင်းထားရှိထားပြီး ဖြစ်ကာ ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်ပျံ့ပွားမှု အခြေအနေအရ ယင်းစားသောက်ကုန်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်ဟာ ပုံမှန်ဝင်ငွေမရှိတဲ့ ပြည်သူတွေ၊ ဝင်ငွေနည်းပါးပြည်သူတွေကို ထောက်ပံ့တဲ့လုပ်ငန်းမှာ အောင်မြင် စွာ ဆောင်ရွက်နိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ဆက်လက်ပြောဆိုခဲ့သည်။
.
အကယ်၍ ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာပါက ကုန်စည်စီးဆင်းမှု ရပ်တန့်မသွား စေရေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါ လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်းအပြင် ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင်လည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ ၂၁ ရက်အထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၁၁၉ ဦး ရှိပြီး ရှမ်းပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၅ ဦး ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About