ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင်
ညမထွက်ရအမိန့် ထုတ်ပြန်ရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များသို့ ယနေ့ ဧပြီလ ၂၀ ရက်က ညွှန်ကြားစာ ထုတ်ပြန်ထားသည်ဟု
သိရသည်။
.
.
“ညမထွက်ရအမိန့်ထုတ်ဖို့ အကြောင်းကြားထားပါတယ်။
သက်တမ်းကတော့ ဧပြီလ ၂၀ ရက်ကနေ မေလ ၁၉ ရက်အထိ တစ်လဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
ရှမ်းပြည်နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၄ ဦး အထိ ရှိလာနေပြီး Community Based
Facilities Quarantine Center များတွင် ထားရှိသူ ၄၀၀၈ ဦး၊ Home
Quarantine ထားရှိသူ ၅၁၃၈ ဦး ရှိလာနေခြင်းကြောင့် ရောဂါထပ်မံ
မဖြစ်ပွားစေရန်နှင့် ကာကွယ်ထိန်းချုပ် တုံ့ပြန်ကုသနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း
ညမထွက်ရအမိန့် ထုတ်ပြန် ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်
၂ မြို့နယ်နှင့် ဝင်မရမြို့နယ် ၅ မြို့နယ်မှ လွဲ၍ ကျန် ၄၈ မြို့နယ် တို့တွင် နေ့စဉ်
ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ရန် ညွှန်ကြားထားခြင်းဖြစ်ပြီး
ယင်းအမိန့်သည် တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက်
ကုန်တင်ယာဉ်များ အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
.
“ညမထွက်ရအမိန့်ထုတ်ဖို့ အခုပဲ စာစီနေပါပြီ။
ထုတ်ပါတော့မယ်။ ပြည်သူလူထု သိအောင်ဆိုရင်တော့ ရပ်ကွက်/ ကျေးရွာတွေထဲ လိုက်ပြီး ကြေညာပေးမှာပါ။
မလိုက်နာခဲ့ရင်တော့ ဥပဒေအရ အရေးယူဆောင်ရက်သွားရမှာပေါ့” ဟု တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းအထိ
COVID-19 အတည်ပြုလူနာ ၁၁၁ ဦး ရှိပြီ ဖြစ်ပြီး
ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၄ ဦး ရှိကာ ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ
၁ ဦး၊ လားရှိုးပြည်သူ့ဆေးရုံမှ ၁ ဦးနှင့် ကျိုင်းတုံပြည်သူဆေးရုံမှ ၂ ဦးတို့ဖြစ်ကြောင်း
သိရသည်။
.