ရှမ်းပြည်နယ်အတွင်းရှိ ယာဉ်လိုင်းများ၊ ဟိုတယ်များနှင့်
တည်းခိုခန်းများကို COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ပိတ်သိမ်းရန်နှင့် ပြည်သူများ အနေဖြင့် သွား/လာ
လည်ပတ်ခြင်းများ မပြုလုပ်ရန် ရှမ်းပြည်နယ် COVID-19 ကာကွယ်၊
ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီမှ ယနေ့ (ဧပြီလ ၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
.
“ အမိန့် ကြော်ငြာစာ မဟုတ်ဘူး၊ ပန်ကြားလွှာ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်
စီ/ခန့်တွေဆီ စာထွက်ပြီးပြီ။” ဟု ရှမ်းပြည်နယ် COVID-19 ကာကွယ်၊
ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး
ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ရောဂါကို ဒေသ တစ်ခုတွင် လည်းကောင်း၊ ဒေသတစ်ခုထက် ပို၍ လည်းကောင်း
ကူစက်ပြန့်ပွားမှု ဖြစ်ပွား မလာစေရေးအတွက် ကာကွယ်ခြင်း လုပ်ငန်းများကို အထူး ဂရုပြု
ဆောင်ရွက်ရမည် ဖြစ်ခြင်းကြောင့် ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းများ၊
ဟိုတယ်များ၊ တည်းခိုခန်းများ ပိတ်သိမ်းထားရန်နှင့် သွား/လာ လည်ပတ်ခြင်းများ
မပြုလုပ်ရန် တားမြစ် ပန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပန်ကြားစာတွင် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ အနေဖြင့်
COVID-19 ရောဂါ ကူးစက်မှု မခံရစေရေးအတွက် ခရီးသွားလာမှုကို လျှော့ချရန်၊ စားသောက်ကုန်နှင့်
ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီများ မပြတ်လပ်စေရေးအတွက် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများကို
ဆက်လက် ဆောင်ရွက်ရန်၊ ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားကြရန်နှင့် ကစားကွင်း၊
ပန်းခြံ၊ ရေတံခွန်နှင့် အများ ပြည်သူ သွားလာနိုင်သည့် အခြားနေရာများကိုလည်း သွားလာ
လည်ပတ်ခြင်းများ မပြုလုပ်ရန် ဟု ဖော်ပြပါရှိသည်။
.
ထို့အပြင် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ မိမိ နေအိမ်အတွင်းသာ
နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝ မထွက်ပါရန်၊ မဖြစ်မနေ ထွက်ရပါကလည်း နှာခေါင်းစည်း
တပ်ဆင်ပြီးမှသာ အပြင်သို့ ထွက်ခွာ ကြပါရန်နှင့် ပြည်သူများ၏ အကျိုးအတွက် ရည်ရွယ် မေတ္တာ
ရပ်ခံ ပန်ကြားခြင်း ဖြစ်သဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်ရန်ကိုလည်း ဖော်ပြထားသည်။
.
အဆိုပါ ထုတ်ပြန်ပန်ကြားချက်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့်
ခရိုင်အဆင့် စီမံခန့်ခွဲမှု ကော်မတီများသို့ ပေးပို့ထားပြီး ယင်းတို့မှ ပြည်သူများသို့
ဆက်လက် အသိပေးသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး
ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ယင်း ကော်မတီတွင် ပြည်နယ်
အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည်။
.