ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သော COVID-19 သံသယလူနာ အမျိုးသမီး
အပါအဝင် ရှမ်းတောင်မှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၁၁ ခုအနက် ၁၀ ခု၏ ဓါတ်ခွဲအဖြေများတွင်
COVID-19 ရောဂါပိုး မတွေ့ရှိရဘဲ ကျန်တစ်ဦး၏ ဓါတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း
ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် COVID-19
စောင့်ကြည့်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေသော ရပ်စောက် မြို့နယ်မှ အသက်
၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဧပြီလ ၂၈ ရက် နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ပြီး
၎င်း အပါအဝင် စုစုပေါင်း သံသယလူနာ ၁၁ ဦး၏ ဓါတ်ခွဲနမူနာများကို ဧပြီလ ၂၇ ရက်က ရန်ကုန်မြို့ရှိ
အမျိုးသားဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့ထားခြင်းဖြစ်သည်။
“ဆုံးသွားတဲ့
အမျိုးသမီး အပါအဝင် အားလုံး ၁၀ ယောက်ရဲ့ ဓါတ်ခွဲအဖြေက Negative ထွက်ပါတယ်။ လွိုင်လင်က
တစ်ယောက်ရဲ့ အဖြေ ထွက်ဖို့ ကျန်ပါသေးတယ်။ လက်ရှိမှာတော့ ဓါတ်ခွဲနမူနာ ထပ်ပို့ထားတာ
မရှိသေးပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
ဓါတ်ခွဲနမူနာ ပေးပို့ထားသည့် ၁၁ ဦးတွင် လူနာအမှတ် (၁၂၁) နှင့် ထိတွေ့ခဲ့သူ
တစ်ဦးနှင့် လူနာအမှတ် (၉၆) နှင့် ဆက်စပ်သူတစ်ဦးပါဝင်ပြီး ကျန်၉ ဦးမှာ သံသယလူနာများဖြစ်ကာ
လက်ရှိတွင် လွိုင်လင်မှ သံသယလူနာတစ်ဦး၏ ဓါတ်ခွဲအဖြေမှ အပ ကျန်သူများတွင် COVID-19 ရောဂါပိုး မတွေ့ရှိခြင်းဖြစ်ကြောင်း
သိရသည်။
.
ယနေ့
ဧပြီလ ၃၀ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့လူနာ
၁၅၀ ဦးအထိရှိလာနေပြီး ယင်းအနက် ၆ ဦး သေဆုံး၍ ၂၇ ဦးမှာ ပြန်လည် သက်သာလာပြီ
ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇
ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.