စိုင်းရာဇာ
.
COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့်
ဆက်စပ်နေသည့် တောင်ကြီးမြို့နယ်တရားရုံးမှ တရားသူကြီး တစ်ဦးသည် ဧပြီလ ၂၂ ရက်မှ
စတင်၍ အသွားအလာကန့်သတ်ခြင်း Quarantine ခံယူနေလျက်ရှိကြောင်း
သိရသည်။
.
.
“လူနာအမှတ် (၁၂၁) ရဲ့ မိသားစုဝင်ထဲက
တရားရင်ဆိုင်နေရတာရှိတယ်။ အဲဒီတော့ ရှေ့နေနဲ့ အဲဒီတရားသူကြီးက ထိတွေ့မှု
ရှိနေတဲ့သဘောပေါ့။ ဒါကြောင့် ပိုပြီးစိတ်ချရအောင် Quarantine ပုံစံမျိုး နေလိုက်တာပါ။ တောင်ကြီး မြို့နယ်တရားသူကြီးတစ်ဦးပါပဲ။
ဧပြီလ ၂၂ ရက်က စဝင်တာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး
ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) သည်
အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင် လေကြောင်း ခရီးဖြင့်
ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်မြို့၌ Hotel Quarantine ၁၄ ရက် ဝင်ရောက်ပြီးနောက် ဧပြီလ ၅ ရက်တွင် လေကြောင်းခရီးဖြင့်
ရန်ကုန်မြို့မှ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့
ဟဲဟိုးလေဆိပ်မှတစ်ဆင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဧပြီလ ၁၉ ရက်တွင် ၎င်း၏
ဓါတ်ခွဲနမူနာအား ပို့ဆောင်စစ်ဆေးရာ ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့်
ထိတွေ့ခဲ့သူများ ကို ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာများမှ လိုက်လံ
စုစည်းနေလျက်ရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား ရန်ကုန်မြို့ရှိ
အမျိုးသားဓါတ်ခွဲမှု ဌာနသို့ပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.