ကိုကိုနိုင် (မိုင်းယု)
.
တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည့်
မြန်မာရွှေ့ပြောင်းလုပ်သားများ အထူးဒေသ (၄) ကျိုင်းယဲန်းမှ တစ်ဆင့် မိုင်းယုမြို့သို့
ဝင်ရောက်လာပါက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် Quarantine Center စောင့်ကြည့်စခန်းများကို ထပ်မံတိုးချဲ့ ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
.
“Quarantine ထားရှိမှု အခြေအနေကတော့ မိုင်းယုအထကကျောင်းမှာ ၁၁ ခန်း၊ ၆ ပေအကွာမှာ
၅ ယောက်နှုန်းနဲ့ ၅၅ ယောက်စာအတွက် ပြင်ဆင်ထားပါတယ်။ ဒွန်းနွဲ့ကျေးရွာ အမကကျောင်းမှာ
၃ ခန်း၊ ၁၅ ယောက်နဲ့ တာကြန့်အမက ကျောင်းမှာ ၃ ခန်း၊ ၅ ယောက်စာ စုစုပေါင်း ၇၅ ဦးစာ ပြင်ဆင်ထားပါတယ်။
လတ်တလော မှာတော့ ပြည်ပပြန်လာသူ မရှိသေးလို့ ကန့်သတ်စောင့်ကြည့်လူနာ မထားသေးပါဘူး။ တရုတ်နိုင်ငံမှာ
သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ မိုင်းလားဘက်က ဝင်မလား၊
မိုင်းယုဘက်က ဝင်မလားတော့ မသိသေးပါဘူး” ဟု မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက
ပြောသည်။
မိုင်းယု-ကျိန်းယဲန်းတံတားကို ၂၀၂၀ ပြည့်နှစ်၊
မတ်လ ၃၁ ရက်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်ရန်
ခရီးသည်တင်ယာဉ်များ၊ ပြည်သူများနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားပြီး
ကုန်စည်စီးဆင်းမှု မပြတ်စေရေးအတွက် ကုန်တင်ယာဉ် တစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့်သာ ဖြတ်သန်းသွားလာခွင့်
ပြုထားကာ သက်ဆိုင်ရာ အထက်ဌာနများ၏ ညွှန်ကြားချက် ရရှိပါက ယင်းတံတားကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့်
မြန်မာရွှေ့ပြောင်းလုပ်သားများ မိုင်းယုဘက်မှ ဝင်ရောက်လာခဲ့ပါက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်
လူထုအခြေပြု ကန့်သတ်စောင့်ကြည့်စခန်းကို မတ်လ ၃၀ ရက်က မိုင်းယုအခြေခံပညာအထက်တန်းကျောင်းတွင်
လူဦးရေ ၃၀ စာကို ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကာ ယခု ဧပြီလ ၂၈ ရက်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစုပေါင်းကာ အထကကျောင်းအပြင် ဒွန်းနွဲ့အမကနှင့်
တာကြန့်အမက ကျောင်းများတွင် တိုးချဲ့ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.