ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာရှိ Quarantine စင်တာမှ ထွက်ပြေးသူကို ထောင်ဒဏ် ၆ လ ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာရှိ Quarantine စင်တာမှ ထွက်ပြေးသူကို ထောင်ဒဏ် ၆ လ ချမှတ်


ရှမ်းပြည်နယ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine  စင်တာမှ ထွက်ပြေးခဲ့သည့် အမျိုးသားကို ပြီးခဲ့သည့်  ဧပြီလ ၉ ရက်တွင် ဟိုပုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထောင်ဒဏ် ချမှတ်ခံရသူမှာ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးကြာပန်းဆိုသူ ဖြစ်ကာ ၎င်းသည် အခြေခံပညာ အထက်တန်းကျောင်းရှိ Facility  Quarantine  စင်တာတွင် အသွားအလာ ကန့်သတ် ခံထားရသူ ဖြစ်ပြီး ဧပြီလ ၅ ရက်၊ ည ၈ နာရီခန့်တွင် နေအိမ်သို့ ခိုး သွားခဲ့သဖြင့် စင်တာ တာဝန်ရှိသူများက လိုက်လံ ခေါ်ယူစဉ် စကားများ ရန်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ကျန်းမာရေးဌာနထံမှ သိရသည်။
.

“ ကျွန်တော်တို့က သူ့ကို ကူးစက်ရောဂါ ထိန်းချုပ်ရေး ဥပဒေအရ စွဲချက် တင်လိုက်တာပါ။ ကျွန်တော်တို့  ကျန်းမာရေးဌာနကတော့ Quarantine  လုပ်ထားတဲ့ ကာလမှာ စည်းကမ်း မလိုက်နာဘူး၊ အိမ်ပြန်တယ်၊ မိသားစုဝင်တွေကို သွားတွေ့တဲ့အတွက် တရားစွဲတာပါ။” ဟု ဟိုပုံးမြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဦးဖြိုးနိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဦးကြာပန်းအား ဟိုပုံးမြို့မရဲစခန်း စွဲချက်အမှတ် (၈၄/၂၀၂၀)ဖြင့် ဟိုပုံးမြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ရာကြီးအမှတ် (၆၁/၂၀၂၀)ဖြင့် စစ်ဆေးပြီးနောက် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)အရ ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အမှုနှင့် ပတ်သက်၍ ဟိုပုံးမြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် “ အဲဒါကို ကျွန်တော် မသိဘူးဗျ။” ဟုသာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ဖြေကြားခဲ့သည်။

.
ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မတ်လ ၂၆ ရက်တွင် COVID-19 နှင့် ပတ်သက်သည့် လိုက်နာ ဆောင်ရွက်ရန် အချက်များကို ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး နမ့်ခုတ်ကျေးရွာသည် ဟိုပုံး - ဆီဆိုင် - လွိုင်ကော် ကားလမ်းမပေါ်တွင် တည်ရှိသော ကျေးရွာ ဖြစ်သည်။

Journal Download

Photo of three cats