ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏
ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူများကို
ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် Test Kits ဖြင့်
စစ်ဆေးစဉ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်းနှင့်
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကိုယ်ရေးအရာရှိတို့မှာ COVID-19 နှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ် တွေ့ရသဖြင့် ကျိုင်းတုံမြို့တွင် Quarantine
ပြုလုပ်ထားကြောင်း သိရသည်။
.
.
“ Test Kite နဲ့ စစ်ဆေးကြည့်လို့၊ COVID-19
သံသယ ဖြစ်ဖွယ်ရယ်လို့တောင် အတိအကျ အတည်ပြု ပြောလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။
သူတို့ ၂ ယောက်ရဲ့ လက်ရှိ ကျန်းမာရေးကတော့
ကောင်းနေပါတယ်။"ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ကြီးချုပ်
အပါအဝင် ၃၀ ဦးခန့်အား Test Kits ဖြင့် စစ်ဆေးစဉ် ယင်းဝန်ထမ်း ၂ ဦးအား
ကိုယ်အပူချိန် မြင့်တက်နေခြင်းကြောင့် ခရီးစဉ်တွင် လိုက်ပါ တာဝန် ထမ်းဆောင်စေခြင်း
မပြုဘဲ Quarantine ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည့် အပြင်
ယင်း Test Kits မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်
ပြုထားခြင်း မရှိသဖြင့် စစ်ဆေးမှုသည် တရားဝင်သည်ဟု ပြောဆို၍ မရကြောင်း ရှင်းပြသည်။
.
ရှမ်းပြည်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်
အရှေ့ပိုင်း ခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာ
မျိုးထွန်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊
ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။
.
အဆိုပါ ဝန်ထမ်းများကို
ကျိုင်းတုံပညာရေးတက္ကသိုလ်၊ ရတနာဆောင်တွင် Facility Quarantine ပြုလုပ်ထားပြီး ၎င်းတို့အား ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် တာဝန်
ရှိသူများက စောင့်ကြပ်ပေးလျက် ရှိကြောင်း သိရသည်။
.