နောင်တရားမြို့မဈေး၌ ယာယီဈေး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားမြို့မဈေး၌ ယာယီဈေး ဖွင့်လှစ်


ခွန်အောင် (နောင်တရား)
.
COVID-19 ကပ်ရောဂါကာကွယ်ရေးတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ငါးရက်တစ်စျေး စျေးကြီးရက်များကို ပိတ်ထားပြီး စားသုံးသူများ၊ စျေးရောင်းစျေးဝယ်များ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းမှ စတင်၍ ယာယီဈေး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
.
ဓါတ်ပုံ - ယာယီဈေးဖွင့်လှစ်မည့် နောင်တရားမြို့မဈေးအတွင်း သန့်ရှင်းရေး ပြုလုပ်နေစဉ်
.
အဆိုပါ ယာယီစျေးဖွင့်လှစ်နိုင်ရေးအတွက် နောင်တရားမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဧပြီလ ၁၈ ရက်တွင် သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ယင်း ယာယီစျေးကို ငါးရက်တစ်စျေးဖြစ်သည့် စျေးနေ့ရက် တွင်ဖွင့်လှစ်မည်မဟုတ်ဘဲ စျေးကြားရက် ၄ ရက်ကိုသာ ယာယီစျေးအဖြစ် ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး စျေးဖွင့်ချိန်မှာ နံနက် ၆ နာရီမှ နေ့လယ်၁၂ နာရီ အထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကာ ညနေပိုင်းတွင် COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေး ပက်ဖျန်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
.
“ဈေးသည်တွေ အနေနဲ့ အကာအကွယ်ဖြစ်တဲ့ လက်အိတ်၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားရမှာဖြစ်ပြီး ဈေးဝယ်သူ တွေအနေနဲ့လည်း နှာခေါင်းစည်းဝတ်ဆင်ပြီး ဈေးလာရောက်ဝယ်ယူခြင်းဖြင့် ကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု နောင်တရားမြို့၊ စည်ပင်သာယာရေးတာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။
.
နောင်တရားမြို့မစျေးသစ်ကြီးကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စျေးဆိုင်ခန်းပေါင်း ၁၂၆၄ ခန်းရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats