မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ညောင်ရွှေမြို့ရှိ ပြည်သူများ အနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့်
အင်းလေးနှင်းဆီကုမ္ပဏီက ဧပြီလ ၂၀ ရက်မှ စတင်၍ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများကို
ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အမှိုက်အခွန် ကောက်ခံ ရရှိမှု နည်းပါးခြင်း၊
COVID-19 ရောဂါ ကာလ ဖြစ်သည့်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှု
ခက်ခဲခြင်းတို့ကြောင့် ပြီးခဲ့သည့် မတ်လမှ စတင်၍ အမှိုက် သိမ်းဆည်းနိုင်မှု မရှိတော့သဖြင့်
မြို့ပေါ်တွင် လူထုမှ အမှိုက်များ စုပုံနေခြင်း၊ အဆင်ပြေသလို စွန့်ပစ်နေခြင်း၊
မီးရှို့နေရခြင်းများကြောင့် ပတ်၀န်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေရသည့်အတွက်
အင်းလေးနှင်းဆီ ကုမ္ပဏီအနေဖြင့် လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်နိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“
တစ်နှစ်လုံး ဘတ်ဂျက်မှာ တစ်လကို ၄၄ သိန်းလောက် အရှုံး ပေါ်တဲ့အပြင်
မတ်လဆိုရင် ငွေကောက်လို့ အပြည့် မရခဲ့ဘူး။ ပြီးတော့ ရောဂါကြောင့် ဟိုတယ်တွေ ၊
ဆိုင်တွေ ပိတ်ကြတော့ လုပ်ငန်းလည်း မလုပ်နိုင်တော့ ရပ်လိုက်ရတာပါ။ အခုက လူထုအတွက် လိုအပ်ချက်
ဖြစ်ပေါ်လာနေတဲ့အတွက် အားလုံးကို တင်ပြပြီး တတ်နိုင်သမျှ လုပ်ငန်းတွေ ပြန်လည်
လည်ပတ်နိုင်အောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ အသုံးစရိတ်တွေ အတတ်နိုင်ဆုံး
လျှော့ချနေသလို စာချုပ်ပါ အခွန်ကိုလည်း လျှော့နိုင်ဖို့ တင်ပြထားပါတယ်။
အမှိုက်သိမ်းတဲ့ အချိန် Mask
တပ်ဖို့၊ လက်ဆေးဖို့တွေလည်း လုပ်ဆောင်နေပါတယ်။” ဟု အင်းလေးနှင်းဆီ
ကုမ္ပဏီမှ ဦးဘုန်းမြင့်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ညောင်ရွှေမြို့နယ် စည်ပင်
သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇော်မျိုး၀င်းကလည်း “ ဌာနအနေနဲ့ ဘုန်းကြီးကျောင်း၊
ယာယီဈေးနဲ့ တိုးချဲ့လမ်းသွယ်တွေအထိ အမှိုက် သိမ်းပေးမယ်၊ အမှိုက်ခွန် ကောက်လို့
မရတဲ့ စာရင်းပါ အိမ်တွေကို အခွန် ကောက်ပေးမယ်၊ အမှိုက် မီးရှို့စက်လည်း စတင် လည်ပတ်နိုင်တော့မှာ
ဖြစ်လို့ အမှိုက် ခွဲခြားစွန့်ပစ်ဖို့လည်း တစ်ပါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”
ဟု ပြောသည်။
.
ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက် ၈
ခုတွင် အိမ်ခြေ ၂၉၀၀ ကျော် တည်ရှိပြီး အမှိုက်စွန့်ပစ်မှုမှာ တစ်ရက်လျှင် ပျမ်းမျှ
၂၇ တန်ခန့် ရှိရာ အင်းလေးနှင်းဆီ ကုမ္ပဏီသည်
နေအိမ် မီးဖိုချောင်ထွက်အမှိုက်နှင့် ဟိုတယ်၊ စီးပွားရေး လုပ်ငန်းများ(ဈေး မပါ)မှ
ထွက်ရှိသည့် အမှိုက်များကို တာဝန်ယူ သိမ်းဆည်းနေသော ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
.