ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့
ဧပြီလ ၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင်
COVID-19 ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
.
.
ထောက်ပံ့ပွဲတွင်
ဦးစွာ နမ့်စန်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက နမ့်စန်မြို့နယ်အတွင်း
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း
သိရသည်။
ထို့နောက် နမ့်စန်မြို့နယ်အတွက်
ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူးက လက်ခံရယူကာ ဆေးရုံဝင်းအတွင်း COVID-19 စောင့်ကြည့်လူနာများအား
သီးခြားထားရှိထားမှုနှင့် ဆေးရုံအဆောင်သစ် ပြင်ဆင်ထားမှုများ၊ လူနာတင်ယာဉ်များ ကြိုတင်ပြင်ဆင်ထားမှုများကို
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင်
နမ့်စန်မြို့နယ်အတွက် PPE ကာကွယ်ရေးဝတ်စုံ ၅၀၊ နှာခေါင်းစည်း Mask ၅၀၀ ခု၊ လက်အိတ်
အစုံ ၂၅၀၊ ဖိနပ် အရံ ၂၀ ကိုလည်းကောင်း ခိုလန်မြို့အတွက် နှာခေါင်းစည်း Mask ၁၈၀၀ ခု၊
ဖိနပ် အရံ ၂၀ တို့ကိုလည်းေကောာင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မြေပြင်မှာ လိုအပ်တာတွေကို
သွားရောက်ထောက်ပံ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရ အနေနဲ့ ကျန်တဲ့ မြို့နယ်တွေကိုလည်း
လိုအပ်သလို ထောက်ပံ့သွားဖို့ ရှိပါတယ်။ Facalities Quarantine လုပ်ထားတဲ့ ပြည်တော်ပြန်တွေကိုလည်း
ရှမ်းအစိုးရအနေနဲ့ သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ်၊
ပန်ခေါက်ဝိုးကျေးရွာရှိ Facalities Quarantine စခန်းနှင့် ပင်လုံမြို့ရှိ
Facalities Quarantine စခန်းများသို့ သွားရောက်ကာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို
အားပေးစကား ပြောကြားခဲ့ပြီး ပင်လုံကွန်ပျူတာတက္ကသိုလ်တွင် Facalities Quarantine စခန်းများအတွက်
ထောက်ပံ့ငွေ ၁၀ သိန်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
.