တရုတ်နယ်စပ် ချင်းရွှေဟော်မှ နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် နောင်ချိုတွင် အစာရေစာ ပြတ်လပ်လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နယ်စပ် ချင်းရွှေဟော်မှ နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် နောင်ချိုတွင် အစာရေစာ ပြတ်လပ်လျက်ရှိ


ကိုစိုး၊ ရွှေရည်ဦး
.
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ဂယက်ကြောင့် တရုတ်နိုင်ငံနယ်စပ် ချင်းရွှေဟော်မှ နေရပ်ပြန်လာသည့် ရွှေ့ပြောင်း စိုက်ပျိုးရေးလုပ်သား ၃၀၀ ကျော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေး ကျေးရွာအနီးတွင် အစာရေစာ ပြတ်လပ်၍ အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.
.
“မနေ့က ၁၀၀ ကျော်ပေါ့။ အခု နောက်ထပ် ၂၀၀ လောက် ထပ်ရောက်လာပါတယ်။ သူတို့ ကျန်းမာရေးကတော့ စစ်လာပြီးသားလို့ သိရပါတယ်။ ဒါပေမဲ့ မန္တလေးတိုင်းက ပေးမဖြတ်လို့ ဒီမှာ ကျန်နေတာပါ။ စားရေးသောက်ရေး ကတော့ ဘာမှ မစီစဉ်ပေးနိုင်သေးပါဘူး။ အခုလောလောဆယ်ကတော့ သူတို့ ပြန်နိုင်ဖို့ စီစဉ်ပေးနေပါတယ်။ ဖြစ်နိုင် ရင်တော့ ကိုယ့်မြို့နယ်ထဲမှာ သူတို့ကို စားသောက်ဖို့တွေ စီစဉ်ပေးချင်တာပေါ့။ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ကူညီ ပေးစေချင်ပါတယ်” ဟု နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရွှေ့ပြောင်းလုပ်သားများအနက် ယမန်နေ့ ဧပြီလ ၂၅ ရက်၊ ညနေပိုင်းက ရောက်ရှိလာသည့် လုပ်သား ၁၀၀ ကျော်ကို ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း အာရှအလင်းရောင် ပရိယတ္တိကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ စိန္တိတ ဦးဆောင်ကာ ပရဟိတအဖွဲ့ဝင်များက တစ်ဦးလျှင် ခေါက်ဆွဲခြောက် ၁၀ ထုတ်၊ သောက်ရေသန့် ၂ ဘူး၊ ပေါင်မုန့် ၂ ခုစီတို့ကို သွားရောက်ဝေငှ အာဟာရဒါန ပြုခဲ့သည်ဟု သိရသည်။
.
“အစာရေစာ ပြတ်နေတာ ၂ ရက်တောင် ရှိနေပြီတဲ့။ ဘုန်းကြီးတို့ သိလို့ ရောက်သွားတဲ့အချိန်က ညနေ ၄ နာရီလောက် ရှိနေပြီ။ နေရပ်ကို ချောမောစွာ ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်” ဟု အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တစိန္တိတ က မိန့်ကြားသည်။
.

နိုင်ငံတော်အစိုးရကလည်း ဒါနဲ့ ပတ်သက်လို့ ညွှန်ကြားချက် ထုတ်ထားတာရှိပါတယ်။ ဒီနေရပ်ပြန်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေက လာခေါ်ရမှာပါ။ မန္တလေးတိုင်းက နားလည်မှု လွဲပြီး တားထားတာလို့ သိရပါတယ်။ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒါကတော့ မကြာခင် ပြေလည်သွားမှာပါ” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။
.
အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သားများမှာ စုစုပေါင်း ၃၀၀ ကျော် ဦး ရှိပြီး သတ်မှတ်လူဦးရေထက် အဆမတန် များပြားနေသဖြင့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး နယ်စပ်တွင် ဖြတ်သန်း တင်ဆောင်ခွင့်မပြု၍ ၎င်းတို့ကို တင်ဆောင်လာသည့် ကားများမှ နမ့်လင်ခန်းကျေးရွာအနီးတွင် ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း နေရပ်ပြန်အလုပ်သမားများသည် ချင်းရွှေဟော်အနီးရှိ ဖရဲ၊ သခွား၊ ကြံစိုက်ခင်းများသို့ သွားရောက်အလုပ် လုပ်ကိုင်ခဲ့သူများဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats