မိုင်းယုတွင် COVID-19 ကြောင့် ဈေးရောင်းသူနှင့် ဝယ်သူများအကြား အခက်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် COVID-19 ကြောင့် ဈေးရောင်းသူနှင့် ဝယ်သူများအကြား အခက်တွေ့


ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် COVID-19 ရောဂါ အခြေအနေများကြောင့် စိုးရိမ်ကာ ဈေးဆိုင်အချို့ ပိတ်ထားသည့်အတွက် ဈေးရောင်းသူနှင့် ဝယ်သူများအကြား အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
“ကျွန်တော်တို့ဆိုင်က ကုန်ပစ္စည်းအစုံရောင်းတော့ လူပေါင်းစုံ လာဝယ်ကြတယ်။ COVID-19 ရောဂါပိုးကလည်း လူကြီး လူငယ်မရွေးကူးစက်မြန်တယ်။ ကုသဖို့ဆေးက မရှိသေးတော့ ဈေးရောင်းရငွေထက် မိသားစုအသက်က အရေးအကြီး ဆုံးပဲလေ။ မိုင်းယု-ကျိန်းယဲန်းတံတားလည်း နှစ်ဘက်လုံးက ပိတ်လိုက်တော့ ဈေးရောင်းအား ကျသွားတယ်။ ကုန်ပစ္စည်းမှာဖို့ လိုင်းကားတွေလည်း သိပ်မထွက်ဘူး။ ကိုယ်ပိုင်ကားနဲ့ ထွက်ဝယ်တော့လည်း လမ်းမှာ အရမ်းစစ်တယ်။ ဒါကြောင့် မိသားစုအရေးဆိုတော့ ဆိုင်ကို ပိတ်ထားလိုက်တာပါ။ မိုင်းယုထဲမှာ ဈေးဆိုင် အတော် များများ ပိတ်ထားကြတယ်” ဟု မိုင်းယုမြို့ရှိ တိုင်လိကုန်စုံဆိုင် ပိုင်ရှင်က ပြောသည်။
.
ထို့အတူ မိုလ်ဘိုင်းဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကလည်း “COVID-19 ရောဂါ ပေါ်မလာခင်က ဖုန်း၊ ဆင်းကတ်၊ ဖုန်းဘေလ်၊ ငွေလွှဲငွေထုတ်လာတဲ့သူ အရမ်းများတယ်။ အခုတော့ ငွေလွှဲငွေထုတ် လာနေကြတဲ့သူ အတော်များများ က ပြည်မက အလုပ်သမားတွေပဲ။ သူတို့လည်း ပြန်ကုန်ကြတော့ အခုဆို တစ်နေကုန် တစ်ယောက်မှ မလာတာရှိတယ်။ ဆိုင်ကတော့ ပိတ်လို့မဖြစ်ဘူး။ မိသားစုအရေးအတွက် ငွေလိုသေးတော့ ကန့်သတ်စည်းထားပြီး ဖွင့်နေရပါတယ်။ မိုင်းယုမှာ ငွေလွှဲငွေထုတ် ၂ ဆိုင်ပဲရှိတာ တစ်ဆိုင်က ပိတ်သွားပြီ။ ကျွန်မတို့ တစ်ဆိုင်ပဲ ကျန်တော့တယ်” ဟု ပြောဆိုခဲ့သည်။
.
COVID-19 ရောဂါ မပေါ်လာခင်က အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ တခြားအိမ်သုံးပစ္စည်းတွေ သွားဝယ်လို့ရတယ်။ အခုတော့ အရောင်းဆိုင်တွေကပိတ်၊ အသားငါး၊ ဟင်းသီးဟင်းရွက် ရောင်းသူက မလာတော့ လွယ်လွယ်နဲ့ ဝယ်လို့ မရဘူး။ ရှိတဲ့ ကြက်ဥ၊ မုန်ညှင်းလေးတွေနဲ့ပဲ စားနေရတယ်” ဟု မိုင်းယုမြို့နေ ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် မိုင်းယုမြို့ရှိ မိုင်းယု-ကျိန်းယဲန်းတံတားကို အထူးဒေသ (၄) ဘက်မှ မတ်လ ၂၄ ရက်တွင် ယာယီပိတ်ပင်ခဲ့ပြီး မတ်လ ၃၁ ရက်တွင် မိုင်းယုဘက်ခြမ်းမှ ထပ်မံ ပိတ်ခဲ့ရာ ယခုအခါ ယင်းတံတားပေါ်မှ ဒေသထွက်ကုန်များ တင်ဆောင်သည့် ကုန်ကားများကိုသာ တစ်စီးလျှင် မောင်းသူ တစ်ဦးဖြင့်သာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
.
အလားတူ လမ်းဘေးပလက်ဖောင်းများတွင် ပျံကျရောင်းချနေသော ဈေးသည်များကိုလည်း မတ်လ ၂၉ ရက်မှ ဧပြီလ ၃၀ ရက်အထိ ဖွင့်လှစ်ရောင်းချခြင်း မပြုရန် မိုင်းယုမြို့နယ်စည်ပင်သာယာရေးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန် ထားသည်ဟု သိရသည်။
.

Journal Download

Photo of three cats