မိုင်းယုတွင် မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း


ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မိုးရာသီ အစေ့ထုတ်ပြောင်းများကို တန်ခူးလဆန်းပိုင်းမှ စတင်၍ စိုက်ပျိုးလေ့ရှိရာ ယခုအခါ အဆိုပါ စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ သည်ဟု သိရသည်။
.
.
မိုင်းယုတွင် အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီ ဟူ၍ တစ်နှစ်လျှင် ၂ ရာသီ စိုက်ပျိုးကြပြီး မိုးရာသီကို အဓိက အားထားကာ ဧကပိုမိုစိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းစိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းများမှာ CP-888 နှင့် CP-22 မျိုးများဖြစ်ပြီး ဖူးတံရှည်ကာ အဖူးလုံသည့်အတွက် မိုးရာသီတွင်  စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်သဖြင့် တောင်သူများ အများဆုံး ရွေးချယ် စိုက်ပျိုးကြကြောင်း သိရသည်။
.
အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားအကွာ ၁ ပေမှ ၂ ပေအကွာကြားစိုက်ပျိုးကြပြီး ကွန်ပေါင်း ဓာတ်မြေဩဇာကို တစ်သီးလျှင် ၂ ကြိမ်ကျွေးသည့်အတွက် ပြောင်းအထွက်နှုန်းမှာ ပို၍ကောင်းမွန်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မိုင်းယုဒေသတွင် အစေ့ထုတ်ပြောင်း ၂၂၅၇ ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် ၈၄ ဒသမ ၁၅ တင်း ထွက်ရှိခဲ့ကာ တစ်ကီလိုလျှင် ကျပ် ၃၀၀ အထိ ဈေးရရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း အဆိုပါ ဧကနှုန်းထား အတိုင်း စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်ဟု မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ အစေ့ထုတ်ပြောင်းများကို မိမိတို့ အိမ်မွေးတိရစ္ဆာန်များ အတွက်သာမက နယ်စပ်ဒေသကိုဖြတ်၍ တစ်ဘက် နိုင်ငံသို့ တင်ပို့ရောင်းချရာတွင်လည်း မိသားစုဝင်ငွေပိုမိုရရှိစေ၍ နိုင်ငံတော်နှင့် တောင်သူများ အတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို များစွာစိုက်ပျိုးနေလျက်ရှိရာ ယခုချိန်တွင် နယ်စပ်ဒေသ မိုင်းယုဒေသတွင် မိုးအစေ့ထုတ်ပြောင်းများမှာ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း နေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats