စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေစပါးစိုက်ပျိုးသူများ
အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
.
.
မိုင်းယောင်းတွင်
ယခင်က နွေစပါးများ စိုက်ပျိုးခဲ့သော်လည်း ရာသီဥတုနှင့်
မကိုက်ညီသောကြောင့် ယခုအခါ အထွက်နှုန်းကောင်းမွန်သော နယူးဧရာဝမ်းစပါးမျိုးကို
တိုးချဲ့စိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များဖြင့်
စိုက်ပျိုးခြင်း၊ မြေဆီလွှာ၊ ဓာတ်မြေဩဇာများ ထိရောက်စွာ အသုံးပြုစိုက်ပျိုးခဲ့သဖြင့်
အောင်မြင်ဖြစ်ထွန်းနေခြင်း ဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးရေးနယ်ပယ်သို့
စတင်ဝင်ရောက်မည့် လုပ်ငန်းများအတွက် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ရန်
အခွင့်အလမ်းများစွာရှိကြောင်း၊ မိုင်းယောင်းတွင် ရေခံမြေခံကောင်းသော်လည်း ရာသီဥတု ပြောင်းလဲမှုများသည်
စိုက်ပျိုးရေးကဏ္ဍအတွက် အခက်အခဲများစွာ ရှိနိုင်သောကြောင့် ၎င်းအခက်အခဲများကို
ပြင်ဆင်ထားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးကျော်ကျော်မိုးက ပြောသည်။
.
စိုက်ပျိုးရေးကဏ္ဍကို ဆန်းသစ်ပြောင်းလဲနိုင်ရန်အတွက်
အလေအလွင့် နည်းပါးရေးနှင့် ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ဓာတ်မြေဩဇာအသုံးပြုနည်း၊
စိုက်ပျိုးမြေ ပြန်လည်ကောင်းမွန်ရေး၊ အထွက်နှုန်းကောင်း စပါးမျိုးစိုက်ပျိုးရေး၊
ပိုးမွှားကာကွယ်နှိမ်နင်းရေးများကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင်
၂၀၁၈-၂၀၁၉ နှစ်အတွင်း နွေစပါး ၆၈ ဧက၊ မိုးစပါး ၂၈၂၄၆ ဧက စိုက်ပျိုးခဲ့ပြီး အထွက်တင်းအနေဖြင့်
နွေစပါး ၇၈၈၈ တင်း၊ မိုးစပါး ၂၂၇၀၄၇၃ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
.