မူဆယ်သို့ လာရောက်သူများ ၁၀၅ မိုင်တွင် မိမိစရိတ်ဖြင့် Quarantine နေရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်သို့ လာရောက်သူများ ၁၀၅ မိုင်တွင် မိမိစရိတ်ဖြင့် Quarantine နေရမည်


စိုင်းသိခ်သူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ လာရောက်မည့် သူများ အနေဖြင့် လာမည့် ဧပြီလ ၁၈ ရက်မှ စတင်ကာ ၁၀၅ မိုင်တွင် မိမိစရိတ်ဖြင့် Quarantine နေရမည်ဖြစ်သည်ဟု မူဆယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီထံက သိရသည်။
.
 
.
“အလုပ်ရှာတယ်ဆိုပြီး မူဆယ်ကို နေ့စဉ်ဝင်နေတာတွေရှိတယ်။ အခုချိန် တရုတ်ဘက်ကလည်း ပိတ်ထားတာဖြစ်လို့ ဒေသအတွက် အခက်အခဲဖြစ်လာတယ်။ ဒါကြောင့် လာတဲ့သူတွေကို ၂၁ ရက် Quarantine ဝင်ဖို့ မနေ့က အစည်းအဝေးမှာ စီစဉ်ကြတာဖြစ်ပါတယ်” ဟု မူဆယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ နာယက တစ်ဦးဖြစ်သူ မူဆယ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ယနေ့ ဧပြီလ ၁၆ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူဆယ်တွင် ဧပြီလ ၁၅ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အစည်း အဝေး၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လူဝင်လူထွက် များပြား၍ ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ် ဆွေးနွေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုလို Quarantine လုပ်ရတဲ့အထဲမှာ ကုန်ကားတွေ မပါဘူး။ အကယ်၍ Quarantine မနေချင်ရင် ပြန်နိုင်တယ်။ မူဆယ်၊ နမ့်ခမ်းဘက်ကို ပြန်လာတဲ့သူတွေကတော့ မဖြစ်မနေ ဝင်ရပါမယ်။ အဓိက က လူစုလူဝေး ထိန်းချုပ်တာ ဖြစ်ပါတယ်” ဟု ဦးစိုင်းကျော်သိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ Quarantine ဝင်မည့်သူများကို မူဆယ် ၁၀၅ မိုင်ရှိ အောင်သီရိသုခ ထေရဝါရ ဗုဒ္ဓဘာသာကျောင်း၊ ဓမ္မာရုံတွင် စီစဉ်ထားပြီး စားစရိတ်အဖြစ် တစ်ရက်လျှင် ၅၀၀၀ ကျပ်နှုန်း ယာယီသတ်မှတ်ထားကြောင်း သိရသည်။
.
“နေရာတွေကတော့ ကျယ်ပါတယ်။ တချို့ဒေသခံတွေက တခြားမြို့တွေမှာ နေရာက ပြန်လာကြတာတွေရှိပါတယ်။ ကြိုတင်ပြီး သတ်မှတ်ရက်အမီ ပြန်လာနိုင်အောင် သတင်းတင်ပါ။ ကုန်ကားဆိုရင်လည်း ၂ ယောက်ပဲ ခွင့်ပြုပါမယ်” ဟု မူဆယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးခိုင်က ပြောသည်။
.
လက်ရှိတွင် မူဆယ်သို့ ခရီးသွားကား လာရောက်မှု နည်းပါးနေသော်လည်း ကုန်တင်ယာဉ်ကြီးများမှာ ၁၀၅ မိုင်တွင် စီးရေ ၆၀၀ ခန့်၊ တရုတ်နိုင်ငံ၊ ဝမ်တိန်းသွား ကျင်စန်းကျော့လမ်းတွင် စီးရေ ၄၀၀ ခန့်နှင့် ဝမ်တိန်သစ်သီးလဲလှယ်ကွင်း တွင် စီးရေ ၂၅၀ ကျော် ရှိနေပြီး မူဆယ်သို့ တက်လာသည့် ကားများလည်း ရာချီရှိနေသဖြင့် ကုန်ကားများအား ယာဉ်မောင်းနှင့် ယာဉ်အကူ ၂ ဦးသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး COVID-19 အတည်ပြုလူနာ များပြားလာပါက ကန့်သတ် မှုများ ပိုမိုပြုလုပ်သွားရန် ရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats