စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံ၊ ၀မ်တိန်သစ်သီးလဲလှယ်ကွင်းသို့
၀င်ရာက်မည့် မြန်မာ ကုန်တင်ယာဉ်များအား တရုတ်နိုင်ငံသား ယာဉ်မောင်းအစားထိုး စနစ်ဖြင့်သာ
၀င်ရောက်မှုကို ပြန်လည် ကျင့်သုံးလာကြောင်း သိရသည်။
.
ယင်းကဲ့သို့ ယာဉ်မာင်း အစားထိုးစနစ်ကို
ဧပြီလ ၈ ရက်မှ စတင်၍ ကျင့်သုံးခဲ့သော်လည်း မြန်မာဘက်မှ ညှိနှိုင်းမှုအရ ဧပြီလ ၁၄
ရက်တွင် မြန်မာယာဉ်မောင်းများဖြင့် ပြန်လည် ၀င်ရောက်ခွင့် ရရှိခဲ့ပြီးနောက် ယခု
ဧပြီလ ၂၀ ရက်တွင် တရုတ်နိုင်ငံသား အစားထိုး ယာဉ်မောင်းများဖြင့်သာ ၀င်ရောက်ခွင့်ကို
ပြန်လည်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ကိုယ့်ဘက်က ရောဂါ အခြေအနေ၊ သူ့ဘက်က
နလန်ထ စ ရောဂါစိန်ခေါ်မှု၊ ကမ္ဘာလုံးဆိုင်ရာ ရောဂါ ပြန့်ပွားမှု ကပ်ဘေးကို တရုတ်ဘက်က
ကျန်းမာရေး စိုးရိမ်လို့ ပြန် ကျင့်သုံးတာပါ။ ဒီကွင်းထဲမှာ လူစုလူဝေးက ထောင်ချီ ရှိနေတော့
ကုန်သွယ်မှုကို မပိတ်သာပေမဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှု အကာအကွယ် တင်းကြပ်တာပါ။
ဈေးကွက် အခြေအနေကတော့ လတ်တလော ကားခလောက်ပဲ ရကြပါတယ်။” ဟု မူဆယ်အခြေစိုက်
ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။
.
မူဆယ်အခြေစိုက် သစ်သီး၀လံ
ကုန်စည်ဒိုင်မှ ဧပြီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်သည့် ကြေညာများချက်တွင် COVID-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် တရုတ်ကျန်းမာရေးဌာနမှ
မြန်မာယာဉ်မောင်းများ တိုက်ရိုက် မောင်းနှင်သော စနစ်အစား ဧပြီလ၂၀ ရက်မှ စတင်ကာ
အစားထိုး ယာဉ်မောင်းဖြင့်သာ ၀င်ခွင့်ပြုတော့မည် ဖြစ်သဖြင့် ဖရဲသခွားကားများနှင့် သရက်သီးတင်ကားများ
မိမိသက်ဆိုင်ရာ ပွဲရုံများ၏ တာ၀န်ယူမှု တာ၀န်ခံမှုများဖြင့် အစားထိုး ၀င်ရောက်ရမည်ဖြစ်ကြောင်းနှင့်
တရုတ်ဘက်ခြမ်းသို့ ၀င်ရောက်ရာတွင် ဖြစ်ပေါ်လာသော ယာဉ်ပျက်စီးမှုနှင့် အခြား ပြဿနာများကို
သက်ဆိုင်ရာပွဲရုံများက တာ၀န်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
.
မြန်မာနိုင်ငံ ဒေသအသီးသီးမှ တင်ပို့သည့်
ဖရဲသခွား ယာဉ်များမှာ လမ်းခရီး ကြန့်ကြာမှု၊ ရာသီဥတု ပူပြင်းမှုများကြောင့်
ပျက်စီး ဆုံးရှုံးမှု များပြားလှသဖြင့် လက်ရှိတွင် ကားခသာ ကျန်နိုင်သည့် အခြေအနေ
ဖြစ်ပေါ်နေကြောင်း သိရသည်။