မင်းဇော်မင်း
.
ရှမ်းပြည်နယ်
မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်အနီးရှိ ပန်ဆေးပြည်သူ့စစ် ဌာနချုပ်သို့ ဧပြီလ
၂၃ ရက်၊ ည ၇ နာရီ ၅၅ မိနစ်ခန့်က လက်နက်များ၊ ဗုံးသီးများဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း
ပန်ဆေးပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။
.
“ CCTV မှတ်တမ်းအရ လက်နက်ကိုင်အဖွဲ့က ဆိုင်ကယ် တစ်စီး၊ ပါဂျဲရိုးကား အနက်ရောင်နဲ့ လူ
၅ ယောက် လက်နက် အမျိုးအစား အင်နာကာ(အီနာဂါ) ဗုံးသီး၊ ယူနီဖေါင်းနဲ့ ၂ ယောက်က သေနတ်အရှည်
ကိုင်ထားတာကို တွေ့ရတယ်။ ပစ် ပြေးတာပါ၊ အဓိက က ဒီဖက်က တုံ့ပြန် ပစ်ခတ်တာ မရှိဘူး။ လူ
အထိအခိုက်လည်း မရှိဘူး။ ဟိုဘက် ကြယ်ဂေါင်ဘက် ကျတာကြောင့်သာ ကားနဲ့ အဆောက်အဦ အနည်းငယ်
ထိခိုက်တယ်။” ဟု ပန်ဆေးလူငယ် ပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောသည်။
.
အဆိုပါ လက်နက်ကိုင်များသည်
မီးရှူးမီးပန်း ဗျောက်အိုးများ ဦးစွာ ဖောက်ပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အီနာဂါဗုံး
၁၀ လုံးခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ကြယ်ဂေါင်ဘက်သို့ ၃ လုံးခန့် ကျရောက်ပြီး ပန်ဆေးဌာနချုပ်ဘက်တွင်
၈ လုံးခန့် ပေါက်ကွဲခဲ့သော်လည်း ပန်ဆေးဌာနချုပ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ မရှိသဖြင့်
ပြန်လည် ပစ်ခတ် တုံ့ပြန်မှု မပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
.
“ နမ့်ပေါ်ချောင်းတံတား
ဟိုဘက် ပန်ခမ်းမှာ တပ်နဲ့ ပြည်သူ့စစ် ရှိတယ်၊ ဒီဖက်စွမ်ဆော်ဖက်မှာလည်း တံတားကင်း ရှိတယ်၊ လက်နက်ကိုင် အဖွဲ့တွေက ပစ် ပြေးပြီး
အဲဒီနှစ်ဖက်ကို မသွားဘဲ မူဆယ်ဖက် မန်ဝိန်းပေါက် မရောက်ခင် လူနေ ရပ်ကွက်ကို ဖြတ်ပြီး
တောင်ပေါ်တက်တဲ့လမ်းက ပြန် ထွက်သွားတယ်လို့ ပြောတယ်။” ဟု မူဆယ်မြို့မှ ရှမ်းပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
အပစ် ခံရသည့်
နေရာမှာ မူဆယ်မှ နမ့်ခမ်းဘက်အထွက် ၂ မိုင်ခန့်
အကွာ နမ့်ပေါ်ချောင်းတံတား စွမ်ဆော်ရပ်ကွက် ဘက်ရှိ ကားကြီးဝင်းအနီး ပန်ဆေးပြည်သူ့စစ်
ဌာနချုပ်စခန်း ရှိရာ အနီးတစ်ဝိုက်သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.