မိုင်းတုံမြို့အား ရေပေးဝေနေသည့် ပိုက်လိုင်းများ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သဖြင့် ပြန်လည်ပြင်ဆင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံမြို့အား ရေပေးဝေနေသည့် ပိုက်လိုင်းများ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သဖြင့် ပြန်လည်ပြင်ဆင်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်းရှိ သဘာဝရေထွက်များမှ ရေသွယ်ယူကာ မြို့ပေါ်သို့ သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ရေပိုက်များ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သဖြင့် အသစ်မှာယူကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း မိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
.
.
“၆ လက်မ ပိုက်တွေဆိုတော့ မြို့ထဲက အရောင်းဆိုင်တွေမှာ လိုသလောက် ဝယ်လို့မရဘူး။ တောင်ကြီးကို မှာထားတာ လာမယ့်အပတ်ထဲ ရောက်မယ်။ မြေကြီးထဲ မြှုပ်ဖို့ကလည်း ကျောက်တောင်တွေနေရာမှာတော့ မရပါဘူး။ မီးတားလုပ် ထားပေမဲ့ မီးကူးပြီး လောင်တာပါ။ ပြန်ပြင်ပြီးတာနဲ့ ရေပြန်ရမှာဖြစ်ပါတယ်။ အခုတော့ နမ့်တုံချောင်းရေကို စက်နဲ့ တင်ပြီး သုံးရေ ဖြန့်ဝေပေးနေပါတယ်” ဟု မိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမြင့်နိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်များက တောမီးလောင်ကျွမ်းမှုကြောင့် မိုင်းတုံမြို့မှ ၄ မိုင်ခန့် ကွာဝေးသည့် ဟွေခန်သဘာဝရေထွက်မှ မြို့အတွက် ရေသွယ်ယူနေသည့် ၆ လက်မ PVC ပိုက် အလုံး ၂၀ ခန့်မှာ မီးလောင်ပျက်စီး သွားသဖြင့် စေတနာရှင်များမှ ပိုက်တစ်လုံးလျှင် ၄၃၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ဖြည့်ဆည်းဝယ်ယူ လှူဒါန်းကူညီ ပေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ PVC ပိုက်များနေရာတွင် သတ္တုပိုက်များဖြင့် အစားထိုးရာတွင်မူ PVC နှင့် သတ္တုပိုက်ဆက်နည်းပညာ ကျွမ်းကျင်မှု လိုအပ်ခြင်း၊ လုပ်သားအင်အား မရှိခြင်းကြောင့် ၄ မိုင်အရှည်ရှိသည့် PVC ပိုက်အားလုံးကို လဲလှယ် နိုင်မှသာ အဆင်ပြေမည်ဖြစ်သဖြင့် သတ္တုပိုက်များကို အစားထိုးလဲလှယ်နိုင်ခြင်းမရှိသေးဘဲ ထပ်မံ၍ မီးလောင်ကျွမ်း ခံရမှု မဖြစ်စေရန် တတ်နိုင်သမျှ မြေကြီးအတွင်း မြှုပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် မိုင်းတုံတွင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုများကြောင့် ရေပေးဝေနေသည့် ပိုက်လိုက်များ ချို့ယွင်းမှုအခြေအနေကို မသိရှိရသဖြင့် အချို့နေရာများတွင် ရေပေးဝေနိုင်ခြင်းမရှိသေးဘဲ ပိုက်အသစ်များဖြင့် ရေ ပေးဝေမှုလမ်းကြောင်းအသစ် ဖော်ဆောင်နိုင်ရန် ရန်ပုံငွေ တင်ပြတောင်းခံထားကြောင်း ဦးမြင့်နိုင်ဦးထံက သိရသည်။
.
“ရေပိုက်မသွယ်နိုင်တော့ ရေအခက်အခဲဖြစ်တယ်။ ရုံးကို ရေရရှိရေး တင်ပြဆောင်ရွက်နေပါတယ်” ဟု မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းတုံမြို့နယ်အတွင်းရေးမှူး ဦးသိန်းအောင်က ပြောသည်။
.
မိုင်းတုံတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ နောင်ပါရင်ရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်များသို့ မိုးရာသီတွင် သဘာဝရေထွက်များမှ ရေကိုသွယ်ယူကာ ဖြန့်ဖြူးပေးနေသော်လည်း ရေထွက်များ ခန်းခြောက်ပြီး ရေနည်းပါးသည့် နွေရာသီကာလများတွင် မိုင်းတုံမြို့အနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်တုံချောင်းရေအား စက်ဖြင့် တင်ကာ ရေစုကန်မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats