မိုင်းတုံတွင် ညပိုင်းကန့်သတ်အချိန်အတွင်း မြို့အဝင်အထွက် မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, April 16, 2020

မိုင်းတုံတွင် ညပိုင်းကန့်သတ်အချိန်အတွင်း မြို့အဝင်အထွက် မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မိုင်းတုံမြို့တွင် ညပိုင်း ကန့်သတ်အချိန်အတွင်း မြို့အဝင်အထွက် မပြုလုပ်ရန် ဒေသန္တရအမိန့် (၂/၂၀၂၀) ကို ဧပြီလ ၁၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန် ခဲ့သည်ဟု သိရသည်။
.
 .
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မြို့ဝင် မြို့ထွက်ဂိတ်များ၌ လူနှင့် ခရီးသွားယာဉ် (ဆိုင်ကယ်/ကိုယ်ပိုင်ယာဉ်/ကုန်တင်ယာဉ်) များကို နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီတွင်းသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်အချိန်များတွင် ဝင်ထွက်သွားလာခြင်းမပြုရန် တားမြစ်ကြောင်းနှင့် တားမြစ်ချက်ကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
နယ်စပ်ဖြတ်ပြီး တရာမဝင်သွားလာမှုတွေ ရှိနေရင် ညပိုင်းကျတော့ စစ်ဆေးရတာ အခက်အခဲရှိတယ်။ ပြီး‌တော့ ရောဂါထိန်းချုပ်ဖို့လိုအပ်တဲ့ အသွားအလာနည်းပါးစေဖို့ ကန့်သတ်ချက်တစ်ခုဖြစ်လို့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်” ဟု မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ်သည် ထိုင်းနိုင်ငံနယ်စပ်နှင့် ၄၆ မိုင်ကျော် ထိစပ်နေပြီး မြို့နယ်အတွင်း ပုံပါကျင်မြို့၊ မုံးထမြို့များ ပါဝင်ကာ တရားမဝင် နယ်စပ်များမှ ဝင်ထွက်သွားလာနိုင်သည့် အခြေအနေများကို ထိန်းချုပ်သည့်အနေဖြင့် ယခုကဲ့သို့ ညပိုင်း မြို့အဝင်/အထွက် ကန့်သတ်ရခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့အတူ မိုင်းဆတ်မြို့တွင်လည်း COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက မြို့အဝင်/အထွက်ကို ကန့်သတ် ထားပြီးဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About