စိန်လှိုင် (ပြန်/ဆက်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့တွင်
ဧပြီလ ၁၁ ရက်၊ ညနေပိုင်းက WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀ ပြား သယ်ဆောင်လာသူအား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းရှူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကြည်စိုး
ဦးစီးအဖွဲ့နှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၁ ရက်၊ ညနေပိုင်းက နယ်မြေလှည့်ကင်း
ဆောင်ရွက်နေစဉ် မိုင်းရှူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ မော်မိတ် လမ်းသွယ်တွင် အိုက်လန်း
(၃၅ နှစ်) ဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ
အဖြူရောင်စက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား၊
ကာလတန်ဖိုး တစ်သိန်းကျပ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ၎င်းအား စစ်ဆေးမေးမြန်းရာ ယင်းစိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းရှူးမှ တန့်ယင်းသို့သွားသော ကားလမ်းဘေးတွင်
တွေ့ရှိသည့် အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မူးယစ်ဆေးဝါးများနှင့်
အတူ လက်ဝယ်တွေ့ရှိသူ အိုက်လန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်များအား ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.