မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့သို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်ကားများမှ
အပ လူ ဝင်ရောက်မှုကို ဧပြီလ ၁ ရက်မှ စတင်ကာ ကန့်သတ်မှုများ ပြုလုပ်လိုက်ကြောင်း သိရသည်။
.
“ မနေ့က အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန စာအရ ပြန်လာသူတွေကို နယ်စပ်မှာပဲ
စောင့်ကြည့် လုပ်ရမယ်ဆိုလို့ မူဆယ်မှာ အရင် ၃ နေရာကနေ ၁၀ နေရာ တိုးပြီး လုပ်ထားပါတယ်၊
ဒီနေ့က စပြီး လက်ခံမယ်၊ တရုတ်ဘက်ကတော့ သူ့နိုင်ငံသားတွေကို မထွက်ခိုင်းတော့တာ ဖြစ်တဲ့အတွက်
ကိုယ့်နိုင်ငံသားက လွဲပြီး အဝင် မရှိတော့ပါဘူး၊ ကုန်ကားတွေကိုတော့ ကျင်ဆန်းကျော့နဲ့
မန်ဝိန်းပေါက်ကပဲ ဝင်ခွင့် ပြုတော့တယ်၊ နယ်စပ်ပေါက်တွေ ပိတ်တယ် ဆိုပေမယ့် နန်းတော်ပေါက်ကတော့
ကိုယ့်နိုင်ငံသားတွေ အဝင်ကို လက်ခံဖို့ လုပ်ထားပါတယ်။” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
တရုတ်နိုင်ငံဘက်တွင် အလုပ် လုပ်ကိုင်နေသူများ အနေဖြင့် ၇ ရက် တစ်ကြိမ် နေထိုင်ခွင့်
ခွင့်ပြုချက် တံဆိပ်တုံးထု ရသည့် လုပ်ဆောင်မှုကိုလည်း ဖြေလျော့ပေးနိုင်ရေး တင်ပြထားပြီး
နေထိုင်ခွင့် ရှိသူများကိုလည်း ဆက်လက် နေထိုင်ခွင့်ပြုရေး ညှိနှိုင်းနေကြောင်းနှင့်
တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာမည့်သူများကို စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း ထားရှိရန်
အထက်တန်းကျောင်း ၃ ကျောင်းနှင့် ဓမ္မာရုံများ စုစုပေါင်း ၁၀ နေရာတွင် စီစဉ် ဆောင်ရွက်ထားကြောင်း
၎င်းထံက သိရသည်။
.
တရုတ်နိုင်ငံမှ မူဆယ်သို့ ဝင်ရောက်နိုင်သည့် ဂိတ်များအနက် နန်းတော် ဝင်ပေါက်တွင်
မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း ပြန်လည် ဝင်ရောက်မှုကို လက်ခံကာ မန်ဝိန်းပေါက်နှင့်
ကျင်စန်းကျော့ ဝင်ပေါက်များတွင်မူ ကုန်တင်ကားကြီးများကို ယာဉ်မောင်း တစ်ဦးတည်းဖြင့်
ဝင်ရောက်ခွင့် ပြုထားပြီး ကျန်ဂိတ်များ အားလုံးကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားကြောင်း
သိရသည်။
.
“ ဖရဲ သခွား ကုန်တင်ယာဉ်တွေ ယာဉ် ဝင်/ထွက်မှု ခွင့်ပြုထားပေမယ့် ဒရိုင်ဘာက လွဲလို့
အခြားသူတွေ ဝင်ခွင့် မရပါဘူး၊ ဖရဲ သခွား ရောင်းချမယ့် သစ်သီးပွဲရုံ ပွဲစားတွေလည်း ဝန်တိန်မှာပဲ
စောင့်နေရပါတယ်၊ ရောင်းဝယ်မှု အခြေအနေက အလွန် ရှုပ်ထွေးနေတယ်” ဟု မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံမှ
ဦးစိုင်းခင်မောင်က ပြောသည်။
.
မူဆယ် ခရိုင်နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များမှာ မန့်ဝိန်းဂိတ်၊
ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)ဂိတ်နှင့် မန်ဟီးရိုးဂိတ်တို့
ရှိပြီး ယခင် ပုံမှန်ကာလများတွင် တစ်ရက်လျှင် လူ အဝင်/အထွက် ပျဉ်းမျှ ၁၀၀၀၀ နှင့် အထက်တွင်
ရှိကြောင်း သိရသည်။