ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊၊ ပရိယတ္တိစာသင်တိုက်များတွင်
ဧပြီလကုန်အထိ ဘုရားဖူးများဝင်ရောက်ခြင်းနှင့် ညအိပ်ညနေဧည့်သည်လက်ခံခြင်းကို
တားမြစ်ထားကြောင်းသိရသည်။
.
.
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို
ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ယခုကဲ့သို့
တားမြစ်ရခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာလည်း
ဒီ COVID-19
ရောဂါကဖြစ်ပွားနေတယ်။ ကျောင်းတိုက်တွေမှာက သံဃာတွေများတော့ အတော်ကြီး ဂရုစိုက်ရပါတယ်။
ဦးဇင်းတို့မြို့မှာ ရောဂါဖြစ်ပွားတာ မကြားရသေးပေမဲ့ ကြိုတင်ကာကွယ်ထားမှ တော်ရုံဖြစ်မှာမဟုတ်လား။
အဲဒါကြောင့်ဒီတစ်နှစ် ကျောင်းတက်လာမယ့် ဒကာ၊ ဒကာမတွေနဲ့ ညအိပ် ညနေလာမယ့် ဧည့်သည်တွေကို
တားမြစ်ရတာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့၊ ဆုတောင်းပြည့်အောင်တော်မူကျောင်းတိုက်
တွင် သီတင်းသုံးသည့် သံဃာတစ်ပါးက ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.
ယင်းကဲ့သို့ တားမြစ်ရာတွင် ဧပြီလကုန်ထိ Lock Down ပြုလုပ်ခြင်းအား
သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ ပထမတောင်ကျောင်းကြီးပရိယတ္တိစာသင်တိုက်၊ မြသပိတ်သာမဏေကျော်စာသင်တိုက်၊
ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်နှင့် အခြားသော ကျောင်းတိုက်များတွင် အသိပေးဆိုင်းဘုတ်များ
ချိတ်ဆွဲ၍ ကျောင်းတက်ခြင်းနှင့် ညအိပ်ညနေ ဧည့်သည်ဝင်ရောက်ခြင်းကို
မေတ္တာရပ်ခံတားမြစ်ထားခြင်းဖြစ်ကြောင်းသိရသည်။
.
ထို့အတူ လူစုလူဝေး ရှောင်ရှားသောအားဖြင့် မဟာစည်ရိပ်သာတွင် ပြုလုပ်ရန်စီစဉ်ထားသည့်
နွေရာသီတရားစခန်း အား ခေတ္တရပ်နားထားပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း
မဟာစည်ရိပ်သာ အမှုဆောင်အဖွဲ့ထံမှ သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၃၄၄ ကျောင်းရှိပြီး ရဟန်း ၂၀၀၀ ကျော်၊
သာမဏေ ၅၀၀၀ ကျော်နှင့် သီလရှင် ၆၀၀ ကျော် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
.