.
ရှမ်းပြည်နယ်၊
ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အများပြည်သူ စျေးဝယ်ယူမှု အဆင်
ပြေစေရန်အတွက် လာမည့် ဧပြီလ ၁၉ ရက်မှ စတင်၍ ကျွဲ၊ နွားပွဲစျေး မြေနေရာတွင်
ယာယီပျံကျစျေးကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ပြည်သူများနှင့်
စျေးသူ/စျေးသားများ အဆင်ပြေစေရန်အတွက် ဟိုပုံးမြို့မစျေးအား ဆက်လက် ပိတ်ထားမည်
ဖြစ်ကာ (၅ ရက်တစ်စျေး စျေးနေ့မှ အပ) ကျန် စျေး ကြားရက်များတွင် ပုံမှန် ရောင်းချလျှက်ရှိသော
စျေးသည်များကို ကျွဲ၊ နွားပွဲစျေး မြေနေရာများတွင် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ
ပြန်လည် ရောင်းချခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က “ ထွေအုပ်၊ ရဲ ၊ စည်ပင် မီးသတ်
ပူးပေါင်းပြီး စည်းကမ်း ကြပ်မတ် ဆောင်ရွက်သွားမှာပါ" ဟု ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ယာယီဈေးတွင် ဈေး ရောင်းချမည့်
သူများအနေဖြင့် ၄ ပေ အတွင်းသာ ခင်းကျင်း ရောင်းချရမည် ဖြစ်ကာ ဈေးသည်များ အနေဖြင့် နှာခေါင်းစည်း
(Mask)တပ်ခြင်း၊ လက်အိတ်စွပ်ခြင်းများ ပြုလုပ်၍ ဈေးရောင်းချရမည်
ဖြစ်ပြီး စည်းကမ်းချက်များအား မလိုက်နာသူများကို ဈေးရောင်းချခွင့် ပြုမည် မဟုတ်ကြောင်း
သိရသည်။
.
ဟိုပုံးမြို့၊ ကျွဲ၊
နွားပွဲစျေး မြေနေရာတွင် ဖွင့်လှစ်မည့် ယာယီဈေးကို နေ့စဉ် နံနက် ၅ နာရီမှ ၁၁
နာရီထိ ဖွင့်လှစ် ရောင်းချခွင့် ပြုမည် ဖြစ်ကာ ၅ ရက် တစ်ဈေး ဈေးနေ့ကို ရောင်းချခွင့်
ပြုမည် မဟုတ်သည့် အပြင် မြို့မဈေးတွင် ဈေး ရောင်းချခွင့် ပြုမည် မဟုတ်ကြောင်းနှင့်
ဈေးဝယ်သူ ပြည်သူများ အနေဖြင့်လည်း ဈေးသို့ လာရောက်ရာတွင် နှာခေါင်းစည်း (Mask)တပ်၍ လာရောက်ရန်နှင့် စုပြုံ တိုးဝှေ့၍ ဈေး ဝယ်ခြင်း မပြုရန် ဟိုပုံးမြို့နယ်
စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။