စုလှိုင်
.
လာမည့် သင်္ကြန်ကာလအတွင်း၌ စတုဒီသာ ကျွေးမွေးရန်နှင့်
သက်ကြီး ပူဇော်ပွဲ ပြုလုပ်ရန် အတွက်ဟု ဆိုကာ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်တွင်
အလှူငွေများ ကောက်ခံ၍ စီစဉ် ဆောင်ရွက်နေခြင်း အပေါ် ဒေသခံအချို့၏ ဝေဖန်မှုများ ရှိနေကြောင်း
သိရသည်။
.
“ COVID 19 ဖြစ်နေတဲ့အချိန် ဒီလိုမျိုး လုပ်မယ်ဆိုတာတော့
မဖြစ်သင့်ဘူးပေါ့၊ အဲလိုပဲ ယူဆတယ်။ အလှူငွေ ကောက်တာတော့ ရပ်ရွာအတွက် မပြောလိုပါဘူး၊
ကောက်တာကလည်း စေတနာ ရှိသလောက်ပဲ။ ပြောချင်တာက ပွဲတွေ လုပ်မှာကို မလိုလားတာ။ လုပ်ချင်ရင်လည်း
COVID 19 အတွက် ရပ်ကွက်က လုပ်တာမျိုးပေါ့ ” ဟု ညောင်ဖြူစခန်း
ရပ်ကွက်နေ အမျိုးသားတစ်ဦး မှသူ၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင်
လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့၌ ဖြစ်ပွားနေသည့် COVID 19 မှာ သက်ကြီးရွယ်အိုများအတွက် အန္တရာယ်
ဖြစ်နိုင်ခြင်းကြောင့် သက်ကြီးပူဇော်ပွဲများကို မပြုရန် အရေးကြီးသည်ဟုလည်း ၄င်းက ဆက်လက်၍ ပြောသည်။
.
အဆိုပါ
အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးခွန်ကျော်စမ်းအား ဆက်သွယ် မေးမြန်းရာတွင်“ ဘိုးဘွားတွေကို ကန်တော့မယ်
ဆန်အိတ်နဲ့ပေါ့၊ အိမ်တွေကို လိုက်ပြီးမှပေါ့၊ ကျောင်းလည်း
စတုဒီသာ ခွဲတမ်းနဲ့
ဘုန်းကြီးတွေကို ကန်တော့မယ်။ လူအစုလိုက် အပြုံလိုက်တော့ မတက်ဘူးပေါ့။ ညောင်ဖြူစခန်း
ရပ်ကွက်ထဲမှာ ရှိတဲ့
ဘုန်းကြီးကျောင်း ဘယ်နှကျောင်း၊ ဘိုးဘွား ဘယ်နှယောက်ပေါ့။
ဆန်အိတ်နဲ့ လိုက်လှူမှာပေါ့ ရာအိမ်မှူးတွေ လိုက်လှူမှာပါ။
” ဟု ပြောသည်။
.
အလှူငွေ ကောက်ခံသည့် အဓိက ရည်ရွယ်ချက်မှာ ဘာသာရေး
၊ ရိုးရာ မပျက်စေချင်လို့ ဖြစ်ပြီး အခု လက်ရှိ ကာလတွင် ဘာသာရေး အရ ဆိုလျှင် ကုသိုလ် များများ
လုပ်ရန်လိုကြောင်း ၊ ပရိတ်တရားများ ၊ ကမ္မာဝါ ရွတ်ဖတ်ခြင်းနှင့် တတ်နိုင်သည့် ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ဘဲ ကုသိုလ်များများ လုပ်ရန် လိုအပ်ပြီး အကုသိုလ် နည်းရင်
အကုသိုလ် အကျိုးခံစားရမှာ ဖြစ်သည့်အတွက် ကုသိုလ် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ စီစဉ်ခြင်း ဖြစ်ကြောင်းကိုလည်း အုပ်ချုပ်ရေးမှူးမှ
ရှင်းပြသည်။
.
“ အခုလို
အချိန်အခါမျိုးမှာ အစိုးရက ဘာတွေပဲ ပြောပြော၊ မြေပြင်မှာ အကောင်အထည် ဖော်ကြရတဲ့
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ပိုပြီး အရေးကြီးတယ်။ သူတို့ လိုက်နာ
ဆောင်ရွက်ဖို့က ပိုပြီး အရေးကြီးတယ်။ မြို့နယ်တွေကတော့ လူကိုယ်တိုင်ရော၊
စာတွေနဲ့ရော ခဏခဏ ညွှန်ကြားနေတာကို တွေ့နေရတာပဲ၊ အထူးသဖြင့် ဘာသာရေး ပွဲတွေက
အန္တရာယ် ပို များတယ်။ မလုပ်ကြဖို့ ဆရာတော်တွေကလည်း မိန့်ထားတာတွေ ရှိတယ်။” ဟု ဌာနဆိုင်ရာ
အရာရှိ တစ်ဦးက ပြောသည်။
.
လက်ရှိ
အချိန်တွင် COVID-19 ကြိုတင် ကာကွယ်ရေး အဖြစ်
သင်္ကြန်ပွဲတော်၊ အလှူ အပါအဝင် လူစုလူဝေး ဖြစ်စေနိုင်သည့် အခမ်းအနားများကို
မပြုလုပ်ရန် အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ဒေသ အချို့တွင် ကျန်းမာရေး
အသိပညာ နည်းပါးခြင်းကြောင့် အလှူ မင်္ဂလာဆောင်များကို အကြောင်း အမျိုးမျိုး ပြ၍ ပြုလုပ်နေခြင်း
ပြုလုပ်နေလျက် ရှိသည့် အပြင် အုပ်ချုပ်ရေးမှူး အချို့မှလည်း အစိုးရ၏
ညွှန်ကြားချက်များ အပေါ် လိုက်နာဆောင်ရွက်မှု အားနည်းနေလျက် ရှိကြောင်း သိရသည်။