လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 ပိုးတွေ့လူနာ အမှတ် (၁၄) ၏ ပထမအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရှိတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 ပိုးတွေ့လူနာ အမှတ် (၁၄) ၏ ပထမအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရှိတော့


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသော COVID-19 ပိုးတွေ့လူနာ အမှတ် (၁၄) ၏ ပထမအကြိမ် ဓါတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိတော့ကြောင်း သိရသည်။
.
.
ယင်း COVID-19 ပိုးတွေ့လူနာ အမှတ် (၁၄) ၏ ဓါတ်ခွဲနမူနာအား ၃ ကြိမ်မြောက်အထိ ဓါတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခဲ့ရပြီး ယခု စတုတ္ထအကြိမ်မြောက် စစ်ဆေးရာတွင် ပထမဆုံးအဖြစ် ရောဂါပိုး မတွေ့ရှိတော့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ပထမအကြိမ် Negative ဖြစ်တယ်လို့ ပြောရမှာပေါ့။ နောက်တစ်ကြိမ် ထပ်စစ်ရဦးမှာပါ။ ၂ ကြိမ် Negative ဖြစ်မှ Negative လို့ ပြောလို့ရပါတာပါ။ သူ့ရဲ့ ကျန်းမာရေးကတော့ ကောင်းနေပါတယ်” ဟု လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာဉာဏ်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်မောင်ညွန့် ကလည်း “တစ်ကြိမ် Negative ဖြစ်ပါပြီ။ နောက် ၄၈ နာရီကျရင် ထပ်စစ်ရမှာပါ။ ကျန်းမာရေးအခြေအနေကတော့ ဆေးရုံ စတက်ကတည်းက အခုထိ အကောင်းပါပဲ။ မူဆယ်က လူနာအမှတ် (၁၄၃) ကတော့ သူ့လုပ်ထုံးလုပ်နည်းအရ ၁၁ ရက် မပြည့်သေးတဲ့အတွက် ပြန်မစစ်သေးပါဘူး။ သူလည်း ကျန်းမာရေး ကောင်းပါတယ်။ ရှမ်းမြောက်တစ်ခုလုံးမှာ လက်ရှိ တော့ ဓါတ်ခွဲအဖြေ ပေးပို့ထားတာ မရှိသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လူနာအမှတ် (၁၄)သည် ထိုင်းနိုင်ငံမှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ကျောက်မဲဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ ထားရှိကာ စောင့်ကြပ် ကုသမှု ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ ဧပြီလ ၂၈ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၆ ဦး ဖြစ်သော လူနာအမှတ် (၁၂၁) ကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးတွင်လည်းကောင်း၊ လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆) နှင့် လူနာအမှတ် (၁၁၂)၊ တို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ လူနာအမှတ် (၁၄)ကို လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ လူနာအမှတ် (၁၄၃)ကို မူဆယ်ပြည်သူ့ဆေးရုံ ကြီးတွင်လည်းကောင်း ဆေးဝါး ကုသမှုများ ပေးလျက်ရှိပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာအမှတ် (၂၉) သည် ရောဂါပိုး မတွေ့ရှိတော့ သဖြင့် ဆေးရုံမှ ဆင်းကာ တောင်ကြီးမြို့ရှိ ဟိုတယ်တစ်ခုတွင် Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats