စုလှိုင်
.
ရှမ်းပြည်နယ် အတွင်း၌ COVID 19 နှင့် ပတ်သက်ပြီး Lock
Down လုပ်ရန် အစီအစဉ် မရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ ဧပြီလ
၆ ရက်တွင် သိရသည်။
“ အင်းထဲက ယက္ကန်းရုံတွေ ၊ ပင်းတယမှာ ရှိတဲ့
စားသောက်ဆိုင်တွေကို Lock
Down လုပ်ခဲ့တာ ရှိတယ်။ နောက်ပိုင်းကျတော့ အကုန်လုံး Negative
ဖြစ်သွားပြီ ဆိုတော့ ပြန် ဖွင့်ပေးလိုက်တယ်။ ဒုတိယအကြိမ် Case
14 နဲ့ပတ်သက်ပြီး နည်းနည်း ပို ကျယ်ပြန့်တယ်။ တောင်ကြီးမြို့နယ်က ကွန်လုံရွာ
ပါတယ်။ တာချီလိတ်က ဟိုတယ်တွေ သူသွားခဲ့တဲ့ စားသောက်ဆိုင်တွေ ပါတယ်ပေါ့။ တစ်မြို့လုံး
အတိုင်းအတာနဲ့ လုပ်ခဲ့တာတော့ မရှိဘူး။ လောလောဆယ် ရှမ်းပြည်နယ်မှာတော့ Lock
Down လုပ်ဖို့ မရှိသေးပါဘူး။
လမ်းအလိုက် နေရာ အလိုက် လုပ်မယ့် ဟာမျိုးတွေပဲ ရှိမယ်။”ဟု
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမူရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် COVID 19
အတည်ပြု လူနာ အမှတ်(၈) လာရောက် လည်ပတ်ခဲ့သော နေရာ ဒေသများကို Lock Down ပြုလုပ်၍ ဝန်ထမ်းများကို အသွားအလာ ကန့်သတ်၍ ၁၄ ရက် စောင့်ကြည့်ခဲ့ရာ အားလုံးမှာ
ကျန်းမာရေး ကောင်းမွန်သည့် အတွက် နေရပ် ပြန်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၁
ဦးနှင့် ပိုးတွေ့ရှိပြီးနောက် သေဆုံးသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့်
ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ
ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်
၁၄ ခု အနက် ဧရိယာ အကျယ်ဆုံး ပြည်နယ် ဖြစ်ပြီး COVID-19 စတင် ပြန့်ပွားရာ
တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ် ထိစပ်မှု ရှိနေသည့် အပြင် ထိုင်းနိုင်ငံ၊
လာအိုနိုင်ငံတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေခြင်းကြောင့် ရှမ်းပြည်နယ်
အစိုးရအဖွဲ့မှ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နေလျက်
ရှိကာ ဧပြီလ ၇ ရက်မှ ၂၁ ရက်အတွင်း ယာဉ်လိုင်းများ၊ ဟိုတယ်များ၊
တည်းခိုခန်းများကို ပိတ်သိမ်းထားရန်နှင့် ပြည်သူများ အနေဖြင့် သွား/လာ လည်ပတ်ခြင်းများကို
မပြုလုပ်ရန် မေတ္တာရပ်ခံ ပန်ကြားထားသည် ။
.