ကျိုင်းတုံသို့ မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည်အားလုံးကို Quarantine လုပ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံသို့ မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည်အားလုံးကို Quarantine လုပ်ထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်ဖြင့် ဧပြီလ ၈ ရက်က လိုက်ပါစီးနင်းလာသည့် ခရီးသည် ၅၇ ဦးကို သက်ဆိုင်ရာ ဒေသများတွင် Quarantine ပြုလုပ်ထားပြီးဖြစ် ကြောင်း သိရသည်။
.
 
.
“သတင်းရတဲ့ညမှာပဲ ထွေအုပ်၊ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပေါင်းပြီးတော့ လေယာဉ်နဲ့ ပြန်လာသူတွေကို ဆက်သွယ်ခေါ်ယူပြီး လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်ပါတယ်။ ပျောက်နေတဲ့ သူတွေလည်း နောက်နေ့မှာ ဆက်သွယ် ရှာဖွေလို့ရခဲ့ပါတယ်။ အခုလောလောဆယ်တော့ တချို့ကို နေအိမ်မှာ Home Quarantine ပြုလုပ်ထားပြီး လိုအပ်သူ ကိုတော့ ဆေးရုံမှာ Hospital Quarantine ပြုလုပ်ထားပါတယ်” ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အသွားအလာကန့်သတ်ခြင်း Quarantine ပြုလုပ်ထားသူများအနက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားနှင့် မိသားစုဝင် ၃၀ ဦး ပါဝင်ပြီး တစ်ဦးကို တပ်မတော် စစ်ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု၍ ကျန် ၂၉ ဦးကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့မှ စီစဉ်ထားသည့် Quarantine စင်တာများတွင် စောင့်ကြည့်ထားကြောင်း သိရသည်။
.
အဆိုပါ လေယာဉ်ဖြင့် လိုက်ပါလာပြီး စောင့်ကြည့်ထားသူများအနက် မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် တစ်ဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ၅ ဦး စောင့်ကြည့်ကြည့်ရှုထားပြီး မိုင်းယောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း ၃ ဦး၊ တာလေမြို့ရှိ ကျန်းမာရေးဌာနမှ ဝန်ထမ်း တစ်ဦး၊ ကျိုင်းတုံတက္ကသိုလ်ဝန်ထမ်းအိမ်ရာမှ တစ်ဦး၊ တောင်ကြီးလမ်းရှိ စုပေါင်းဝန်ထမ်းအိမ်ရာမှ တစ်ဦး၊ ကျိုင်းတုံလေယာဉ်ကွင်းစီမံကိန်းမှ တစ်ဦးနှင့် ကျိုင်းတုံမြို့နယ်၊ မိုင်းလန်ကျေးရွာ အုပ်စု၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ကုန်ကျေးရွာအုပ်စု၊ မိုင်းဇင်ကျေးရွာအုပ်စုနှင့် ကျိုင်းတုံမြို့ပေါ် ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄) တို့မှ ခရီးသည် ၁၄ ဦးတို့အား သက်ဆိုင်ရာ နေအိမ်များတွင် Home Quarantine ပြုလုပ် ထားကြောင်း သိရသည်။
.
“ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ခရိုင်နဲ့ မြို့နယ်ထွေအုပ်ကနေ ပူးပေါင်းပြီးတော့ အခု စောင့်ကြည့် Quarantine လုပ်ထားသူတွေရဲ့ နေအိမ်ပတ်ဝန်းကျင်ကို ကာကွယ်ဆေးဖြန်းပေးတာနဲ့ ကျန်းမာရေးဌာန က ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာနေထိုင်ဖို့ ပြောထားပါတယ်” ဟု ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောသည်။
.
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံတစ်ဦးက အွန်လိုင်းပေါ်မှာ သတင်းတွေ ဒီလောက်ပျံ့နေပေမဲ့ ကျိုင်းတုံဈေးထဲမှာ လူတွေတိုးဝှေ့ပြီး ဈေးဝယ်နေတုန်းပဲ။ တာဝန်ရှိသူတွေက မထွက်ရ အမိန့်ထုတ်ပြီး စည်းကမ်းတင်းတင်းကြပ်ကြပ်လုပ်မှ ရောဂါကူးစက်မခံရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာဆို ဖြစ်လိုက်ရင် ကျိုင်းတုံက အသေအပျောက် များနိုင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံလေဆိပ်သို့ ဧပြီလ ၈ ရက်က မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ ခရီးစဉ်အတိုင်း လိုက်ပါလာပြီး မိုင်းဖြတ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်၍ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေသည့် အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဆေးရုံ၌ COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ လူနာ များနှင့် အနီးကပ် ထိတွေ့ခဲ့ဖူးကြောင်း သိရသည်။
.

Journal Download

Photo of three cats